ဒေါက်တာနန့်စီစီဌေး (ဓါတုဗေဒ ပါမောက္ခ) ဆင်းရဲသားများအတွက်အဝတ်ထည်များ လှုဒါန်း ဝတ်ပြုကိုးကွယ်ခြင်း။ (ငွေနှင်ဖြူ လက်ဆောင် အစီအစဉ်)


ဒေါက်တာနန့်စီစီဌေး (ဓါတုဗေဒ ပါမောက္ခ)
မသဲ ၂၅း၄၄ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရငတ်တော်မူခြင်း၊ ဧည့်သည်ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်းရှိ တော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာနေတော်မူခြင်းတို့ကို အကျွန်ုပ်တို့သည် အဘယ်အခါ၌မြင်၍ ကိုယ်တော်ကို မပြုမစုလုပ်ကျွေးဘဲနေပါသနည်ဟု ပြန်၍လျှောက်ကြသော်၊ ၄၅မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် ဤသူတို့တွင် အငယ်ဆုံးသောသူတယောက်အား မပြုသမျှတို့ကို ငါ့အား မပြုကြပြီဟု ပြန်၍ မိန့်တော်မူလတံ့။ ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ကို ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊ ထာဝရအသက်ရှင်ရာသို့၎င်း သွားရကြလတံ့ဟုမိန့်တော်မူ၏။
.
.

ပိုးကရင်အသင်းတော် ပုသိမ် ၁၀နှစ်ကြာပြီဖြစ်တဲ့ ဆင်းရဲသားများအတွက်အဝတ်ထည်များ လှုဒါန်း ဝတ်ပြုကိုးကွယ်ခြင်း။ (ငွေနှင်ဖြူ လက်ဆောင် အစီအစဉ်)
အဘိုးအခမခံပဲ ပေးကမ်းကြပါစို့ မသဲ ၂၅း၄၀
သဘာပတိ ဒေါ်လေးဒီယာကြိုင်
တရားဒေသနာ ဒေါက်တာနန့်စီစီဌေး
.
.
တခါက စိတ်ဖိစီးမှုခံနေရပြီး မိမိကိုယ်ကိုအဆုံးစီရင်လောက်အောင် ဖြစ်နေသူတစ်ဦးဟာ သူ့ရဲ့မိတ်ဆွေရင်းတစ်ယောက်ထံ ရင်ဖွင့်အကြံတောင်းပါတယ်။ ကျနော်ဟာ မိမိကိုယ်ကိုယ် အဆုံးစီရင်လောက်အောင် စိတ်ဒုက္ခ စိတ်ဖိစီးမှုကြီး ခံစားနေရလို့ အကြံပေးပါဦး၊ ဘာလုပ်ရမလဲ မေးတော့ .. အဖြေက .. စိတ်ကျရောဂါကုဆရာဝန်ဆီသွားပါ ..မဟုတ်ပါ။ မင်းရဲ့သင်းအုပ်ဆရာဆီ သွားပါ ..လို့လဲ မဖြေပါဘူး။
.
မင်းအတွက် ငါပေးနိုင်တဲ့အကြံကတော့ ...မိမိကိုယ်ကိုအဆုံးမစီရင်ခင် နောက်ဆုံးဘိတ်အနေနဲ့ မင်းအိမ်မှာရှိတဲ့ ငွေကြေးတွေအကုန်ယူပါ၊ သယ်နိုင်သမျှ တန်ဖိုးရှိတဲ့ပစ္စည်းတွေလည်း ယူသွားပါ။ အိမ်တခါးကို သော့ခတ်လိုက်ပါ။ မြို့အပြင်ဖက်ကို ထွက်သွားလိုက်ပါ။ မြို့ပြင်မှာတွေ့တဲ့ ခိုကိုးရာမဲ့လူတွေ၊ ဆင်းရဲသားတွေနဲ့ စကားစမြည်ပြောပြီး မင်းယူလာတဲ့ ငွေ၊ ပစ္စည်းတွေကို ပေးကမ်းစွန့်ကြဲပါ။ မင်းရဲ့နောက်ဆုံးအချိန်တွေကို မင်းတခါမှမသိဖူးတဲ့ အငယ်ဆုံးသောသူများနဲ့ ပေးကမ်း၊ အချိန်ပေးလိုက်ပါ..လို့ဖြေလိုက်ပါတယ်။
.
.
တကယ်တော့ ဆင်းရဲတာ ပျင်းလို့ပဲ၊ သူတို့ကပျင်းလို့ဆင်းရဲတာ၊ ပညာမတတ်ရှာဖူး.. တော်တော်ထုံအတာကိုး.. စသဖြင့် အပြစ်တင်ရင်လဲ အမှန်ပဲဖြစ်မှာပါ။ အပြစ်တင်နေလို့ကော ဘာထူးမှာလဲ။ ဆင်းရဲသားကတော့ ဆင်းရဲနေမှာပါပဲ။ ဆင်းရဲမွဲတေမှုက လွတ်မြောက်အောင် အလုပ်ပေးမယ်၊ ရင်းနှီးငွေကူမမယ် ... စသဖြင့် ..ကောင်းပါတယ်။ ဒါပေမဲ့ သူတို့လိုအပ်နေတဲ့ မေတ္တာနဲ့သူတို့ပြောစကားတွေကို နားထောင်ပြီး၊ ကိုယ်တတ်နိုင်တဲ့ သူတို့လိုအပ်နေတဲ့ စားစရာနဲ့ ပစ္စည်းအနည်းငယ် ပေးကမ်းခြင်းက အများကြီးနှစ်သိမ့်မှုကို ပေးပါတယ်။
.
ယာကုပ် ၂း၅ မှာ ဆင်းရဲသူ .. ငါချစ်သည်ညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင်ဆင်းရဲ သောသူတို့သည် ယုံကြည်ခြင်း ရတနာကိုရတတ်စေခြင်းငှါ၎င်း၊ ဘုရားသခင်ကိုချစ်သောသူတို့အားပေးမည်ဟုဝန်ခံ တော်မူသောနိုင်ငံတော်၏ အမွေခံဖြစ်စေခြင်းငှါ၎င်း၊ ထိုသူတို့ကိုရွေးကောက်တော်မူသည်မဟုတ်လော ..လို့ရေးထားပါတယ်။ သုတ္တံကျမ်းမှာလည်း ဆင်းရဲတဲ့ချစ်မိတ်ဆွေများကို ကူညီဖို့၊ စာနာသနားဖို့.. များစွာရေးထားပါတယ်။ မောရှေ ရဲ့ ဓမ္မဟောင်းကျမ်းမှာလည်း ဆင်းရဲသူကို ထောက်ပံ့ရန် ရေးထား၊ တိုက်တွန်းထားပါတယ်။ ငွေချေးရင် ..အတိုးမတောင်းရန် ၊ ကြွေးမြီများကို လျော်ပေးရန်၊ နှစ်၅၀ ဂျူဗလီပြည်တိုင်း တတ်နိုင်သူများက ဆင်းရဲသားအကြွေးများအားလုံးကို အပြီးလျော်ပစ်ရန်၊ ၇နှစ်ပြည့်တိုင်း ချေးငွေလုံးဝမပေးနိုင်သူများကို အကြွေးလျော်ပစ်ရန် ..စသဖြင့် ရေးထားပါတယ်။ ဆင်းရဲသူများနဲ့တွေ့ရင် လွဲရှောင်မသွားရန်၊ စွန့်ကြဲသောသူများ မင်္ဂလာရှိတယ်လို့ ဆိုပါတယ်။ တမန်တော်ဝတ္တုနဲ့ ဓမ္မသစ်ကျမ်းများမှာ စွန့်ကြဲခံသူထက် စွန့်ကြဲသူများက သာ၍မင်္ဂလာရှိကြောင်း ဖော်ပြထားပါတယ်။
.
.
.
ဓမ္မဟောင်း ၄ရာ အခန်း(၇) မှာရေးထားတဲ့ နူနာရောဂါသည် (၄)ဦးအကြောင်းက အလွန်စိတ်ဝင်စားစရာဖြစ်ပါတယ်။
.
ဧလိရှဲ ခေတ်ဖြစ်ပါတယ်။ နူနာရောဂါ ဆိုတာ အခုခေတ်ဆို ကုသလို့ပျောက်ပါတယ်။ ဟိုတုန်းကတော့ ကုသမပျောက်တဲ့ ယုတ်ညံ့တဲ့ရောဂါဖြစ်ပါတယ်။ ယုဒလူမျိုးများရဲ့ ရှင်မာရိမြို့ကို ရန်သူ ရှုရိဘုရင်တပ်များက ဝန်းရံ လုပ်ကြံပါတယ်။ နှစ်နဲ့ချီကြာလာတော့ မြို့ထဲမှာ အစာရေစာ ငတ်မွတ်ခေါင်းပါးလာလို့ နောက်ဆုံး မိန်းမများ သူတို့မွေးတဲ့ ကလေးကိုတောင် လဲလှယ် သတ်စားရတဲ့အခြေနေထိအောင် ဆိုးဝါးစွာ ဖြစ်ပျက်နေပါတယ်။ အဲဒီအချိန်မှာ အစာရေစာငတ်ပြတ်နေတဲ့ နူနာစွဲသူ (၄)ဦးက ရန်သူဘက်ကိုသွားမယ်၊ သတ်ရင်လဲသေမယ်၊ ရန်သူတွေမှာ စားစရာတော့ရှိမှာသေချာတယ် ..ဆိုပြီး အငတ်ခံမြို့ထဲမနေတော့ပဲ မြိြု့ပင်က ရန်သူတပ်ရှိရာကို မိုးမလင်းခင် ထွက်ခွာသွားကြပါတယ်။
.
ရန်သူတပ်ဆီရောက်ချိန် အံ့သြဘွယ် ရန်သူတပ်ဟာ၊ ယုဒလူမျိုးတွေကို စစ်ကူတပ်ကြီးရောက်လာပြီ ဆိုပြီး ဒရောသောပါး တပ်ဆုတ်သွားချိန်ဖြစ်နေပါတယ်။ ရန်သူတွေ သူတို့စားစရာမပြောနဲ့ သူတို့တိုက်ခိုက်ရယယူထားတဲ့ ရွှေငွေပစ္စည်းတွေတောင် မသယ်နိုင်ပဲ အပြင်းဆုတ်ခွာထွက်ပြေးသွားကြတာကို အံ့သြဘွယ်တွေ့ရတယ်။ နူနာရောဂါသည် (၄)ဦးကလဲ စားကောင်းသောက်ဖွယ်များ စားသောက်ပြီး၊ ရွှေငွေများကို သိမ်းယူဖွက်ထားကြတယ်။
နောက်တော့မှ ဆင်းရဲဒုက္ခကြီးစွာခံစားနေရတဲ့ သူတို့မြို့က မြို့သူမြို့သားများကို ကူညီဖို့ သတိရသွားကြပါတယ်။ ငါတို့ ယုဒဘုရင်ထံ အကြောင်းပြန်ကြားမှဖြစ်မယ် ဆိုပြီး မိုးမလင်းခင် သတင်းကောင်း၊ ရန်သူတွေပြေးကုန်ပြီ ..ဆိုတာကို သတင်းပို့ ပြန်ပြောကြပါတယ်။ တစ်မြို့လုံး ဝမ်းသာအားရစွာနဲ့ အငတ်ဘေးကနေ ဝပြောသောအဖြစ်ကို နေ့ခြင်းညခြင်း ပြောင်းလဲသွားတဲ့ တကယ့်အဖြစ်ပျက်တစ်ခုပါ။ အနူရောဂါသည်(၄)ဦးရဲ့ ကိုယ့်လူမျိုး ဆင်းရဲဒုက္ခရောက်သူများကို ပြန်လည်ကြည့်ရှုတဲ့ ဖြစ်ရပ်ပါ။
.
.
လူသားများ၊ ဆင်းရဲသားများ အတွက် ကယ်တင်ရှင်
လုကာ ၄း၁၉ မှာတော့ ဆင်းရဲသားများအတွက် ဝမ်းမြောက်ဘွယ်သတင်း၊ အပြစ်လွှတ်ခြင်း၊ ညှင်းဆဲခံရခြင်းကနေ ကယ်လွှတ်မဲ့သူကို ငါစေလွှတ်မယ်လို့ ရေးထားပါတယ်။ ယေရှုကို စေလွှတ်ပြီး လူသားအားလုံးကို ကယ်တင်ရှင်အဖြစ် ကြွလာတာ ဖြစ်ပါတယ်။
.
ဒီလို ကောင်မြတ်တဲ့ သခင်၊ ယေရှုခရစ်တော် ကြွလာချိန်မှာ ဘယ်လိုလက်ဆောင်မျိုးပေးပြီး ကြိုဆိုကြမလဲ။ ဘာလက်ဆောင်ပေးမလဲ ..ဆိုတော့ မသဲ ၂၅း၄၀ ဒီတရားဟောချက်ရဲ့ အဓိကကျမ်းပိုဒ် ဖြစ်ပါတယ်။ မင်းကြီးက အငယ်ဆုံးသောသူကို ပြုနိုင်သမျှ ပြုစု ပေးကမ်းဖို့ တိုက်တွန်းထားပါတယ်။
.
.
အငယ်ဆုံးသောသူ ဆိုတာ ဘယ်လိုလူပါလဲ။
.
စစ်ဘေးဒဏ်ကို ထွက်ပြေးနေတဲ့ စစ်ဒုက္ခသည်များ၊ ချမ်းအေးတဲ့ရာသီမှာ ခြုံစရာစောင်မရှိသူများ၊ အငတ်ဘေး စားစရာမဲ့ ဖြစ်နေသူများ၊ ဒုက္ခဆင်းရဲရောက်နေသူများ ဖြစ်ပါတယ်။ သဘာဝဘေးဒဏ်များကြောင့် မြေပြိုခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းဒဏ်၊ ငလျင်ဒဏ်၊ အိုးအိမ်မဲ့ဖြစ်သွားသူ၊ ပျက်စီးသွားသူများရဲ့ မိသားစုဒုက္ခသည်များဖြစ်ပါတယ်။ ဘယ်လိုကူညီနိုင်မလဲ ..ဆိုတော့ နှုတ်ကပတ်တော်မှာ .. ပညာမဲ့သူ၊ ဥာဏ်မမီ၊ လူရာမဝင်သူများ၊ အဝတ်အချည်းစည်း ရှိသူများ ၊ လုံခြုံမှုမရှိသူများ၊ ထောင်ကျနေသူများ၊ အနာရောဂါခံစားနေသူများ၊ နာမကျန်းဖြစ်နေသူများကို သွားရောက်ကြည့်ရှု နှစ်သိမ့်စကားပြောကြားဖို့ပါ။ ကိုယ်တတ်နိုင်တဲ့ စားစရာများ၊ ပစ္စည်းများ။ အဝတ်အထည်များကို သူတို့ထံရောက်အောင် ပို့ပေးနိုင်ပါတယ်။
.
.
နိဂုံး
နောက်ဆုံးအနေနဲ့ ဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါတယ်။ အနောက်နိုင်ငံ ခိုက်အောင်ချမ်းအေးလှတဲ့အချိန်မှာ ကလေးတစ်ဦး ဖိနပ်ဆိုင်ရှေ့မှာ မတ်တပ်ရပ်၊ ဖိနပ်မပါပဲ ငေးကြည့်နေပါတယ်။ အဲဒီအချိန်မှာ လူကြီးတစ်ယောက်က ကလေးကို ကြင်နာစွာနဲ့ မေးခွန်းမေးပါတယ်။ ... မင်းဘာကို ရပ်ကြည့်နေတာလဲ .. ..ဆိုတော့... ကလေးငယ်က ... ဒီဆိုင်က ဖိနပ်တစ်ရံလောက် ဘုရားသခင်ထံတောင်းရင်း ..မတ်တပ်ရပ်နေတာပါ...လို့ဖြေလိုက်ပါတယ်။ ...ဒီတော့ ဒီလူကြီးက ဆိုင်ကနေ ခြေအိတ် ၅စုံ နဲ့ ရေဇလုံ၊ ပုဝါတခုကို ဝယ်လိုက်ပါတယ်။ ဆိုင်ကနေ ရေတောင်းပြီး ဇလုံထဲထည့်၊ ပုဝါနဲ့ ကလေးငယ်ရဲ့ ခြေထောက်ကို သုတ်ပေးပါတယ်။ ပြီးတော့ ခြေအိတ်တခုကို စွတ်ပေးပြီး၊ ဆိုင်က ကလေးငယ်နဲ့သင့်တော်တဲ့ ဖိနပ်တစ်ခုဝယ်ပြီး စီးနင်းစေလိုက်ပါတယ်။ ပြီးတော့ ကျန်တဲ့ခြေအိတ် (၄)စုံးကို ကလေးငယ်ကို ပေးပြီး .. မေးလိုက်ပါတယ်။ ...မင်းအခု နေလို့ကောင်းပါသလား...တဲ့။ ကလေးငယ်ရဲ့ ဝမ်းသာလှတဲ့ မျက်ရည်က ပြောပြစရာတောင် မလိုပါဘူး။
.
ဒါကြောင့် ချစ်သော ညီအစ်ကို၊ မောင်နှမများ အတွက် အငယ်ဆုံးသောသူကို ပေးကမ်း၊ ပြုစုဖို့ဆိုတာ သခင်ယေရှုမွေးနေ့ ခရစ်စမတ်နေ့မှာ အကောင်းဆုံးသော လက်ဆောင်ဖြစ်ကြောင်း သတင်းကောင်းပြောလိုပါတယ်။ ယေရှုကို မြင်ချင်ရင် ယေရှုဟာ အငယ်ဆုံးသောသူ ဆင်းရဲသား၊ ဒုက္ခရောက်နေသူများအဖြစ်နဲ့ လာပါတယ်။ နွားစခွက်မှာ မွေးဖွားလာတဲ့ ယေရှုဟာ အငယ်ဆုံးသောသူရဲ့ နမူနာပဲဖြစ်ပါတယ်။ ယေရှုကို မြင်နိုင်ဖို့ ပုံသက်သေပြကြပါလို့ တိုက်တွန်းအားပေးလိုပါတယ်။ ခရစ်တော်အတွက် အကောင်းဆုံး လက်ဆောင်ဖြစ်ပါတယ်။
.
အားလုံးကို ပျော်ရွှင်သောခရစ်စမတ်အကြိုအဖြစ် ဘုရားသခင်ကောင်းကြီးပေးပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်။
.
.
တနင်္ဂနွေတရားဒေသနာ ပြောကြားသူ ဒေါက်တာနန့်စီစီဌေး ဖြစ်ပါတယ်။ ကွယ်လွန်သူ သူမဖခင်သည် ပုသိမ်ပိုးကရင်အသင်းတော်မှ ၁၀နှစ်ကြာအောင် နှစ်စဉ် အငယ်ဆုံးသောသူများအတွက် မိမိအိမ်မှာ အဝတ်အတည်များကို အသင်းတော်သို့ ယူဆောင်လှုဒါန်းကြသော ငွေနှင်းဖြူလက်ဆောင်မွန် တနင်္ဂနွေနေ့ကို စတင်ခဲ့သူဖြစ်ပါသည်။ ဒေါက်တာနန့်စီစီဌေးသည် ငယ်စဉ်က ဆေးဆရာဝန်ဖြစ်လိုခဲ့သော်လည်း ဘုရားသခင်က တက္ကသိုလ်ပါမောက္ခ ဆရာမအဖြစ်သို့ရောက်စေခဲ့သည်။ ဓါတုဗေဒဘာသာရပ်တွင် ပါရဂူဒေါက်တာဘွဲ့ရရှိသော်လည်း ဖခင်ဖြစ်သူအမွေအနှစ်အဖြစ် နှုတ်ကပတ်တော်ကို အသင်းတော်သို့ လာရောက်ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ၂၀-ဒီဇင်ဘာ-၂၀၁၅ တနင်္ဂနွေကိုးကွယ်ဝတ်ပြုခြင်း။ ပုသိမ်ပိုးကရင်နှစ်ခြင်းအသင်းတော်။
.

Comments