ကျော်ဦးသက် သက်သေခံခြင်း - ဆရာစိုင်းအေး
ကျွန်တော်ဟာ ရှမ်းလူမျိုးတစ်ဦးဖြစ်ပြီး၊ ခရစ်ယာန်ကချင်အမျိုးသမီးနဲ့ အိမ်ထောင်ကျပါတယ်။ အမျိုးသမီးကတော့ ယေရှုအကြောင်း အမြဲပြောတော့၊ အိပ်ယာထဲမှာလဲ ပြောတယ်။ ကျွန်တော်လည်း ဗုဒ္ဓဘာသာ မျိုးရိုးဖြစ်ပေမဲ့၊ စရိုက်နဲနဲကြမ်းတော့ တခါတလေ ကန်ထုတ်ပစ်တယ်။ ဗုဒ္ဓတရားတွေနဲ့ ကြီးပြင်းလာတော့ ယေရှုအကြောင်းတွေ လက်မခံနိုင်ပါဘူး။ ယေရှုဟာ အသက်ရှင်တဲ့ဘုရားဖြစ်ကြောင်း ဇနီးသည် အဝူးက ပြောနေဆဲပါပဲ။
တစ်နေ့မှာ ကျွန်တော်လုပ်တဲ့ သစ်ထုတ်ရောင်းတဲ့အလုပ်၊ စစ်သားများရဲ့ အဖမ်းခံရပြီး လက်ပြန်တုပ် ချည်နှောင်ခံရတယ်။ ဘယ်လိုမှ ပြောမရပါဘူး။ ဗုဒ္ဓဂါတာတွေလည်း ၄ကြိမ်တိုင်အောင် ရွတ်ဖတ်ပြီးပါပြီး။ ညှိနှိုင်းတာလဲ သူတို့က ကျွန်တော့်ဆိုင်ကယ် အသစ်ကို လိုချင်တယ်။ သစ်တွေကိုဖမ်းရင်း လူပါကြိုးတုတ်ထားတယ်။ နောက်ဆုံး ကျွန်တော့်မိန်းမပြောနေတဲ့ အသက်ရှင်တဲ့ဘုရား ယေရှုကို စိန်ခေါ်ပြီး လွှတ်ပေးဖို့ ဆုတောင်းမိတော့တယ်။ ရုတ်တရက် ကျွန်တော့်နှုတ်က ကျောင်းတက်ဖိုရရှိလို့လွှတ်ပေးပါ ..စကားတစ်ခု လွှတ်ကနဲထွက်လာတော့၊ စစ်သားတွေက ကြိုးဖြေ၊ လွှတ်ပေးတယ်။ ဆိုင်ကယ်အသစ်ကိုတော့ ပြန်မပေးပဲ၊ သစ်တွေပဲ ပြန်ပေးတယ်။ သစ်ကို ရတဲ့ဈေးနဲ့ရောင်းချပြီး မိုင်၂၀လောက်ကို လမ်းလျှောက်ပြန်လာခဲ့ရတယ်။
အိမ်ရောက်တော့ ဇနီးသည်ကို ပြောပြတယ်။ ယေရှုဘုရားက ကယ်တင်ပေးတယ်၊ တဖက်သတ်ပြောလာတော့ မခံနိုင်လို့ ငါ့ဆိုင်ကယ်ပြန်ရအောင် ဆုတောင်းပေးလို့ စိတ်ဆိုးဆိုးနဲ့ ပြောလိုက်မိတယ်။ ဆုတောင်းလို့ ပြန်ရရင် ခရစ်ယာန်ဘာသာ ဝင်မှာလားမေးတော့ ဝင်မယ်ကွာ လို့ ပြောလိုက်မိတယ်။ ဂျွမ်းပစ်ပြီးတော့တောင် ဝင်မယ်လို့ နောက်ပြောင်ပြောလိုက်သေးတယ်။ မဖြစ်နိုင်တော့ဘူးလေ။ ကိုယ်ဘယ်သူလဲ သူတို့လဲမသိ၊ စစ်သားတွေက ဘယ်တပ်ကမှန်းလဲမသိ။ ဇနီးသည်ကတော့ အစာရှောင် အရမ်းဆုတောင်းနေကြပါတယ်။
ဒါနဲ့ သစ်လုပ်ငန်း မလုပ်တော့ပဲ၊ ဆိုင်လုပ်ငန်းလုပ်မယ်၊ ကားတစ်စီးဝယ်ဖို့ တရုပ်ပြည် ရွှေလီကို ဇနီးညီအစ်မနဲ့ သွားကြတယ်။ အဲဒီခရီးမှာ မမျှော်လင့်ပဲ ကျွန်တော့်ဆိုင်ကယ်ကို ဆိုင်တစ်ခုမှာ တွေ့လို့၊ ကျွန်တော့်ဇနီးညီအစ်မ သွားပြောပြီး ပြန်တောင်းယူလာတာ တွေ့တော့ အရမ်းကို အံ့သြမိတယ်။
ရွှေလီမှာ ကားဝယ်ပြီး၊ ညပိုင်းအဖမ်းဆီးတွေ များလို့ ကားရောင်းသူက နေ့ခင်းမှ မောင်းပြန်ဖို့ပြောတယ်။ နောက်နေ့ မနက် ဇနီးညီအစ်မကို ငါတို့ခရီး အဖမ်းဆီးမရှိ၊ အဆင်ပြေအောင် ဆုတောင်းပေးပါ ပြောလို့ သူတို့ တအားဆုတောင်းကြပြန်တယ်။ မောင်းပြန်လာတာ လမ်းမှာပဲ ကားပျက်ပါလေရော။ ဖုန်းဆက်ခေါ်ပြီး ပြင်ဆင်ပေးသူတွေ ရောက်လာတယ်။ ဆရာတို့ ကံကောင်းတယ်၊ ဆရာတို့ကားပျက်တဲ့အချိန်မှာ ရှေ့နားက ကား၎စီးတောင် အဖမ်းခံပြီး၊ တရုပ်ငွေ ဒဏ်ကြေး ၃ထောင်ကုန်သွားတယ်လို့ ပြောတယ်။ အံ့သြလို့မဆုံးဘူး။ အဖမ်းမခံရအောင် ကားပျက်သွားတာပဲ။ ပေးရမယ်ဆိုရင် ငွေလဲကုန်နေပြီ၊ ပေးစရာငွေလဲ မရှိတော့ဘူး
ဒါနဲ့ ကားဆက်မောင်းလာရင်း၊ နေတအားပူလာလို့ ပြောင်နောက်ချင်လာတာကြောင့် မိုးရွာအောင်ဆုတောင်းပေးပါဦး.. ပြောတော့ တအားဆုတောင်းကြပြန်တယ်။ တကယ်ပဲ မိုးရွာလာတယ်ဗျာ... အံ့သြစရာပါ။
နောက်ဆုံး မြန်မာပြည်ဘက်ထိ မောင်းလာပြီး၊ အဆင်ချောမွေ့စွာနဲ့ ရောက်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ ခရစ်ယာန်ဝင်မယ်ဆို ..လို့ မိန်းမက ပြောလာတယ်။ နင်ကတိပေးထားတာပဲ ပြောတော့ မိဘမျိုးရိုးအားလုံးက အပယ်ခံ၊ အပြောခံ ၊ ရှမ်းအမျိုးတွေ စိတ်ဆိုး၊ ဖြစ်တော့မှာပဲ ..စဉ်းစားမိတယ်။ ဗုဒ္ဓဘုရားဆီ ဆုတောင်းပေမဲ့လည်း ဗုဒ္ဓဘုရားက ကိုယ်ကျင့်မှ ကိုယ်ရမှာ၊ မဖြစ်နိုင်တာတွေ လုပ်မပေးပေမဲ့ .. ယေရှုက တောင်းတာတွေ ပေးတော့ .. နောက်ဆုံး၊ အေး.. ဝင်မယ် လို့ ပြောလိုက်ရတယ်။
ဓမ္မဆရာတွေနဲ့ နှစ်ခြင်းခံပြီး၊ ခရစ်ယာန်ထဲဝင်လိုက်ပါတယ်။ ဇနီးသည်ကတော့ အဲဒီနေ့မှာပဲ ဘုရားစဉ်တွေ အကုန်ဖျက်သိမ်းပစ်လိုက်ပါတယ်။ အဲဒီညမှာပဲ စာတန်မာနတ် နှောက်ယှက်မှုတွေ ဝင်လာတယ်။ အန်အော့ပြီး ညသန်းကောင်ထိ၊ ဆရာဇော်ဘ ဆေးကုရင်း၊ သူက ယုံကြည်သူဆိုတော့ ဆုတောင်းပေးရင်း၊ သက်သာသွားပါတယ်။
နောက်တစ်ကြိမ် သစ်တွေအများကြီးနဲ့ အဖမ်းခံရပြန်တယ်။ လက်ထိပ်တွေ ခပ်ပြီးတော့ ဘယ်လိုမှ ညှိလို့မရဘူး။ ရဲ၊ သစ်တော၊ စယဖ၊ မူးရစ် အားလုံး ၄ဖွဲ့ဖြစ်နေတယ်။ အားလုံးက နာမည်ကောင်းလိုချင်နေတဲ့အဖွဲ့တွေ၊ စုပေါင်း စီမံချက်နဲ့ဆိုတော့ မလွယ်ဘူး။ ညှိနှိုင်းရင်း လွတ်မယ်အောက်မေ့မိတယ်။ နောက်ဆုံး သူတို့က သစ်တွေ၊ လူတွေ၊ မော်တော်ဆိုင်ကယ်တွေ အများကြီး တင်ဖို့ ကားကြီးကြီး လှမ်းခေါ်လိုက်တော့ ယေရှုဘုရားကိုပဲ အရမ်းဆုတောင်းရပါတယ်။ ကားကြီးလဲ ရောက်လာချိန် အရမ်းဝမ်းနည်းတယ်။ ကလေး၊ ၄လသားအ၇ွယ်နဲ့ ဇနီးမိသားစုကို ခွဲခွာရမဲ့အခြေအနေ၊ အဲဒီအချိန်က ကချင်တိုက်ပွဲတွေနဲ့ စစ်ဆင်ရေးတွေ ရှိတော့ ကျွန်တော်တို့လို ပြစ်မှုလုပ်သူတွေ၊ အပြစ်ကြီထောင်သားတွေကို စစ်ဆင်ရေးတွေမှာ ရှေ့ဆုံးက အထမ်းသမား (ပေါ်တာ) အဖြစ် သွားခိုင်းတော့ သေဖို့ပဲ ရှိတော့တယ်။ ယေရှုဘုရားကို ဝမ်းနည်းစွာ ဆက်ဆုတောင်းရင်း.. ကျွန်တော်တို့ကို တင်သွားမဲ့ ကားကြီးလဲ ရောက်လာတယ်။
ရုတ်တရက် ၄ဖွဲ့ခေါင်းဆောင်က ကျွန်တော်တို့လက်ထိပ်တွေကို လာချွတ်ပေးပြီး၊ ခင်ဗျားတို့အဖွဲ့ ဘယ်လိုဖြစ်လို့လဲမသိဘူး။ ကျွန်တော်တို့(၄)ဖွဲ့ဖမ်းတာ ဘယ်တော့မှ မလွတ်ဘူး။ အခု လွှတ်ပေးလိုက်ဖို့ ပြောတော့ အံ့သြစရာကြီးပဲ ပြောပြီး လွှတ်ပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ ငါက ယေရှုဘုရားကို အပြင်းထန် ဆုတောင်းလို့ပဲ လို့ မပြောဖြစ်လိုက်ပါဘူး။ အခုမှ သက်သေခံဖြစ်ပါတယ်။
ကျွန်တော့်မှာ ဘီယာသောက်၊ ယာမ မူးရစ်ဆေးသုံး ဇနီးသည်မသိအောင် လုပ်ခဲပါတယ်။ ဒီအပြစ်တွေကို မနှစ်သက်လို့ လွတ်မြောက်ဖို့ ဆရာစိုင်းအေးတို့ ပထမအကြိမ်လာစဉ်က ဆုတောင်းခံပါတယ်။ မရပါဘူး။ နောက်မှ အပြစ်ဝန်ချတောင်းပန်ရမယ် ဆိုတာနားလည်ခဲ့ပါတယ်။ ကိုယ်က မာနကြီးပြီး အပြစ်ဝန်ချတောင်းပန်မှု မရှိခဲ့လို့ ဆရာစိုင်းအေးတို့ ဒုတိယအခေါက်မှာ ဆရာ့ကို အပြစ်တွေ ဝန်ချတောင်းပန်ပါတယ်။
ဒီတစ်ခေါက်မှာတော့ မျက်မှန်မလိုတော့အောင် မျက်စိကောင်းလာဖို့၊ သုံးစွဲနေတဲ့ဆေးဝါးတွေ၊ မူးရစ်ဆေးတွေ အားလုံး အိမ်သာထဲ ပစ်ချလိုက်ပါတယ်။ နောက် ဇနီးသည်ကိုလည်း သူမသိပဲ ပြည်တံစာမိန်းမတွေနဲ့ လိုက်ရှာ၊ပျော်ပါးမှုတွေကို ဝန်ခံပြီး၊ အပြစ်ခွင့်လွှတ်ဖို့ ပြောပါတယ်။ နောင်နောင် မလုပ်ဖို့ အပြစ်ဝန်ချ တောင်းပန်ပြီး ခရစ်ယာန်အသက်တာကို လိုက်လျှောက်ဖို့ပါပဲ။
မှတ်ချက်။
ဘုရားရှင်က မယုံကြည်သူများကို သက်သေပြရန် ဆုတောင်းခြင်းများကို နားညောင်းလေ့ရှိပါသည်။ ကိုကျော်ဦးသက် မိသားစု၊ ဘုရားရှင်ကောင်းကြီးမင်္ဂလာ ဆတိုး ခံစားရပါစေဟု ဆုတောင်းပါသည်။ (date: 2014)
.

Comments
Post a Comment