သက်သေခံချက်၊ ... ဘဏ္ဍာနှင့်ပါဝါ (၁၀ကြိမ်မြောက်ဆောင်းပါး၊ သခင့်စကား)

ကျမ စင်ကာပူနိုင်ငံကို ၂၀၀၀ ခုနှစ်မှာ စပြီး ရောက်လာခဲ့ပါတယ်။ မြန်မာ
ပြည်မှာ ၀ိဇ္ဇာဘွဲ့ ရထားခဲ့ပေမဲ့ စင်ကာပူရောက်တော့ အိမ်အကူ အလုပ်နဲ့ အလုပ်
ဝင်ခဲ့ရပါတယ်။ ပွဲစားနဲ့ လာတာ ဆိုတော့ ပွဲစားခ ကျေအောင် ပထမဦးဆုံး အလုပ်ကို
၂နှစ်ပြည့်အောင် အောင့်အီး သည်းခံပြီး လုပ်ခဲ့ရပါတယ်။ ကျေးဇူးတော်ကြောင့် ကျမ
ပထမ အလုပ်ရှင်နဲ့ ၂နှစ်ပြည့်တဲ့ အထိ အခက်အခဲတွေကို မခက်မခဲအောင် ကိုယ်
တိုင်လဲ ကြိုးစားသလို ဘုရားသခင်ကိုလဲ ကိုးစား ဆက်ကပ်ရင်း လုပ် ဆောင်ခဲ့ပါ
တယ်။ အဲဒီလို လုပ်သက် ၂နှစ်အတွင်းမှာ ကျမဟာ သူငယ်ချင်း အသစ်တွေ သူငယ်
ချင်း အဟောင်းတွေ ဆရာသမားတွေ ဆွေမျိုးတွေက တဆင့် စင်ကာပူအကြောင်း ပိုပို
ကြားသိလာရသလို ကိုယ်တိုင်လဲ ကြုံတွေ့ သိမြင်လာခဲ့ရတဲ့ အတွေ့အကြုံ လေးတွေ
ကြောင့် ဒီထက် ပိုကောင်းတဲ့ အလုပ်၊ ပိုသက်သာ ပိုလွတ်လပ်တဲ့ အလုပ်။ လခ
ပိုများတဲ့ အလုပ်ကို လုပ်ချင်လာမိခဲ့ပါတယ်။ အဲဒီတုံးက ကျမနဲ့ အနီးစပ်ဆုံး ခေတ်
အစားဆုံး အလုပ်ကတော့ အိမ်ဖော်အလုပ်ကို အချိန်ပိုင်း (part time maid) လုပ်တဲ့
အလုပ်ဘဲ ဖြစ်ပါတယ်။ ကျမ အသိတွေထဲက ဇက်ရဲလက်ရဲ လုပ်ရဲကိုင်ရဲ ရှိတဲ့ သူ
တော်တော်များများ အဲဒီအလုပ်ကို ပြောင်းလုပ်ကြပါတယ်။ သူတို့တွေရော သူတို့ကို
စပ်ပေးတဲ့ ပွဲစားတွေရော နေ့ချင်း ညချင်း ရွှေတွဲလွဲ။ ငွေတွဲလွဲနဲ့ လခများ လွတ်လပ်
သက်သာစွာနဲ့ လုပ်နေကြတာမြင်တော့ ကျမလဲ ငွေ ဆိုတဲ့ ဘဏ္ဍာ နောက်ကို
သွားရည် တမြားမြားနဲ့ ကောက်ကောက်ပါအောင် လိုက်ဖို့ ဆုံးဖြတ်ချက်ချကာ။
လက်ရှိ အိမ်အကူ အလုပ် ၀ပ်ပါစမစ် ကို ကန်ဆယ်လ် လုပ်ခဲ့ပါတယ်။ အိမ်အကူ
ပတ်ထိုင်း အလုပ်ကို ပွဲစားအသစ်နဲ့ လုပ်ဖို့ ရန်ကုန်ကို ခန အထွက်ပြ။ နောက်တစ်ခါ
ပြန်ဝင်လာပြီး ဘ၀ပြောင်း ခဲ့ပါတယ်။ အဲဒီလို ငွေနောက် လုံးဝ လိုက်တော့မယ်လို့
ဆုံးဖြတ်ချက် ချလိုက်ကာမှ အဲဒီလို အိမ်အကူ အချိန်ပိုင်းနဲ့ အလုပ် လုပ်တဲ့ သူတွေ
ဟာ စင်ကာပူအလုပ်သမား အက်ဥပဒေနဲ့ တရား မ၀င်သလို စင်ကာပူ ပြည်သူ့ရဲ
ကလဲ မျက်စိ ဒေါက်ထောက်ကြည့်ပြီး ဖမ်းဆီးနေတာကို ကျမ သိလိုက်ရလို့ အရမ်း
ထိတ်လန့် သွားမိခဲ့ပါတယ်။ စင်ကာပူအကြောင်း မသိသေးတဲ့ သူတွေ သိအောင် ရေး
ပြရရင် အိမ်အကူ အချိန်ပိုင်း အလုပ်သမားဆိုတာ work permit အစစ်ကို သူဌေး
တစ်ယောက်က သူ့နာမည်နဲ့ လျှောက်ထား ပေးပေမဲ့ အဲ့ဒီ သူဌေးအိမ်မှာ အလုပ်
မလုပ်ဘဲ ကိုယ့်ဖာသာကိုယ် အပြင်မှာ နေထိုင်စားသောက်ပြီး တခြားလိုအပ်တဲ့ အိမ်
တွေမှာ နာရီစား (တစ်နာရီ (--) ဒေါ်လာ) နှုန်းနဲ့ တစ်လကို အိမ်များများ ယူထားပြီး
အချိန်ပိုင်း လုပ်ရတဲ့ အလုပ်ဖြစ်ပါတယ်။ 

ကိုယ့်ဘာသာ အပြင်မှာ အိမ်ငှားနေရလို့
လွတ်လွတ် လပ်လပ် ဘုရားကျောင်းဘဲ တက်တက်၊ အပျော်ဘဲ ထွက်ထွက်။ အုပ်
ထိန်းသူ(ကိုယ်ပိုင် သူဌေး) မရှိဘဲ စိတ်ကြိုက်နေထိုင်နိုင်ပြီး လခ များများရတဲ့ အလုပ်
ဖြစ်ပါတယ်။ ပွဲစားခ များများ ပေးရသလို လုပ်အားခ ကလဲ စင်ကာပူက အင်ဂျင်နီယာ
ကြီးတွေ လစာ နီးပါး လစာ ဒေါ်လာ ထောင်နဲ့ ချီပြီး ရတဲ့ အလုပ်ပါ။ အဲဒါကြောင့် အဲဒီ
အလုပ်ကို ယုံကြည်သူတွေရော။ မယုံကြည်သူတွေရော။ မြန်မာတွေရော။ တခြား
နိုင်ငံခြားသူတွေပါ လုပ်ကိုင်စားသောက်နေကြတဲ့ တရားဥပဒေနဲ့ လက်တစ်လုံးခြား
လုပ်စားတဲ့ ငွေရပေါက် အကြီးကြီးပါ။ ဘာသာရေး ခေါင်းဆောင်တွေကလဲ ဒီ
အလုပ်ဟာ မတရားတဲ့ အလုပ်လို့ ပြတ်ပြတ်သားသား မပြောတဲ့အတွက် ကျမ
တို့တွေ အတွက်တော့ တော်တော့်ကို ကောင်းတဲ့ အလုပ်ပါ။ ဒါပေမဲ့ ဘုရားသခင်က
ကျမကို အဲဒီအလုပ် မလုပ်ဖို့အချိန်မှီဘဲ တားဆီးခဲ့ပါတယ်။ မကြာခင် ကျမ အသိ
တစ်ချို့ အဖမ်းအဆီးခံရတယ်။ ပြဿနာတွေ တက်ပြီး အချုပ်ကျသူ၊ ကိုယ့်နိုင်ငံ ပြန်ပို့
ခံရသူတွေ ရှိလာခဲ့ပါတယ်။ ရဲ အဖမ်းခံ မထိဘဲ ဒီကနေ့အထိ မျက်နှာပြောင်ပြောင်နဲ့
လုပ်စားနေတဲ့ သူတွေ ရှိနေသေးပေမဲ့ ကျမ ကတော့ အရမ်းကြောက်ပြီး ပွဲစားကို
ဥပဒေနဲ့ မကင်းတဲ့ အလုပ်၊ ကျမ မလုပ်တော့ဘူးလို့ ပြောပြီး လေယာဉ်လက်မှတ်
အဆုံးခံပြီး ရန်ကုန်ကို ကျမ ပြန်လာခဲ့ပါတယ်။ ရန်ကုန်မှာ ကျမ ကြာကြာ မနေနိုင်ပါ
ဘူး။

 မိသားစုအတွက် ငွေလိုလို့ ကျမ စင်ကာပူကို နောက်ထပ်တစ်ခေါက် ရိုးရိုး
အိမ်အကူ ၀ပ်ပါမစ်နဲ့ ပြန်လာခဲ့ပါတယ်။ ကျမ လုပ်ရမဲ့ အိမ်မှာ အိမ်က ကြီးပြီး မိသားစု
များလို့ အိမ်အကူ ၂ယောက် ထားပါတယ်။ ကျမ အရင်ရောက်နှင့်နေသူက ဖိလစ်ပိုင်
သူ ဖြစ်ပါတယ်။ ကျမကို ဖိလစ်ပိုင်သူက ငွေရပေါက်နည်းတွေ ထပ်သင်ပေးပါတယ်။
သူသင်ပေးတဲ့ နည်းကတော့ ပိုက်ဆံ ချမ်းသာပြီး ဖြုန်းချင်တဲ့ သူတွေနဲ့ အပျော်
ရည်းစား ထားပြီး အပိုဝင်ငွေ ရှာဖို့ဖြစ်ပါတယ်။ အလုပ်နားရက် တနင်္ဂနွေနေ့တွေမှာ
သူ့နောက်လိုက် ခိုင်းပြီး ပိုက်ဆံဖြုန်းလိုတဲ့ သူတွေနဲ့ မိတ်ဆက်ပေးပါတယ်။ အပျော်
ရည်းစား ထားခိုင်းပါတယ်။ ကျမ ဖုန်းနံပါတ်ကိုလဲ သူနဲ့ ခင်တဲ့ ယောက်ျားတွေကို
လိုက်ပေးထားလို့ ကျမ ကို ဖုန်းဆက်နှောက်ယှက်သူ တော်တော်များလာတာနဲ့ ကျမ
ပွဲစားကိုပြောပြီး ဖိလစ်ပိုင်သူနဲ့ ဝေးရာ အိမ်ပြောင်းခဲ့ပါတယ်။ နောက်ထပ် ပြောင်းတဲ့
အိမ်က ပိုဆိုးပါတယ်။ အိမ်ရှင် သူဌေးမ ရဲ့ မောင်လေး တော်စပ်သူ လူပျိုကြီးက အခွင့်
အရေး ကြုံတိုင်း ကျမ ကို စော်ကားဖို့ ကြံနေတာမို့ နောက်တစ်အိမ် ထပ်ပြောင်း
ရပြန် ပါတယ်။ ဒီအိမ်ကျတော့ ဇီဇာကြောင်တဲ့ အိမ် ဖြစ်ပါတယ်။ အပြင် မထွက်ရ။
ဖုန်းမဆက်ရ၊ မိတ်ဆွေ မဖွဲ့ရတဲ့။ နေ၀င် မီးပိတ် တစ်သွေး တစ်သံ တစ်မိန့် ဥပဒေနဲ့
စည်းကမ်းချက်တွေ အရမ်းကြီးပါတယ်။ ကျမ ရဲ့ မိဘနဲ့ ဖုန်းပြောတာတောင် ကျမကို
ရန်ရှာခဲ့တဲ့ အတွက် အိမ် သုံးအိမ်ကို သုံးလ အတွင်း ပြောင်းခဲ့ပြီးပြီမို့ နောက်
ဘယ်အိမ်မှ ထပ်မပြောင်းတော့ဘဲ ကျမ မြန်မာပြည်ကို အပြီး ပြန်လာခဲ့ပါတယ်။


ဒါပေမဲ့ ငွေ ဆိုတဲ့ ဘဏ္ဍာ က တော်တော် ပါဝါ ကြီးပါတယ်။ ကျမ ကို ငွေ မရှာရ မနေ
နိုင်အောင် လုပ်နေတဲ့အတွက် နောက်ဆုံးတစ်ခေါက် ဆိုပြီး အရာရှိကတော် ခေတ်
ပညာတတ် မြန်မာပွဲစား ပင်စင်စား တစ်ယောက်နဲ့ ချိတ်ဆက်ပြီး စင်ကာပူကို ကျမ
၂၀၁၃ ခုနှစ်မှာ ထပ်ရောက်လာခဲ့ပြန်ပါတယ်။ အဲဒါမှ ကျမ ဒုက္ခ လှလှ တွေ့ပြီး ဒီ
စာမူကို ရေးရတာပါ။ သူ့ သမီးအိမ်မှာ ကျမကို အလုပ်ခိုင်းပါတယ်။ ပွဲစားခ ၄ လစာ
ဖြတ် ပါတယ်။ ၄ လ အလုပ်လုပ်ပြီးမှ လစာ ရမယ်။ အပြင်ထွက်ခွင့်ရမယ်လို့ ပြောပါ
တယ်။ စင်ကာပူ မလာခင် ရန်ကုန်က သူ့မိဘ အိမ်မှာ အစမ်းခန့် အလုပ် အင်တာ
ဗျူးတဲ့ သဘောနဲ့ သူ့မိဘ စိတ်ကြိုက် လစာမဲ့ တစ်လလောက် ချက်ပြုတ် ကျွေးမွေး
ခဲ့ရပါသေးတယ်။ (သူ့မိဘက ကြိုက်မှ စင်ကာပူ လာခွင့်ရမယ်ဆိုလို့ပါ) ဒီရောက်မှ
သိရတာက အဲဒီ ပွဲစားဟာ မြန်မာပြည်က မနူးမနပ် မြန်မာမိန်းကလေးတွေကို
အိမ်အကူ အလုပ်ပေးမယ် ပွဲစားခ ၄လ ဖြတ်မယ် မကြိုက်ရင် ပြန်ပို့မယ် ဆိုတဲ့ ပါးစပ်
ကတိတွေ တောင်းပြီး ၃လ (သို့) ၄ လလောက် အပြတ် ၀အောင် ခိုင်းစားပြီးမှ
မကြိုက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာပြည် ပြန်ပို့လေ့ရှိသူပါ။ 

ကျမ ရှေ့မှာ
၂ယောက် ၃ယောက်မက သူ အဲဒီလို လုပ်လာခဲ့ပြီးပါပြီ။ ရလဒ်ကတော့ ကျမ
အပါအ၀င် ကျမ ရှေ့က မြန်မာ မိန်းကလေးတွေဟာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လေယာဉ်
လက်မှတ်ဝယ်။ ရန်ကုန်က သူ့မိဘအိမ်မှာ တစ်လ အခမဲ့အလုပ်လုပ်၊ စင်ကာပူက
သူ့အိမ်နဲ့ သမီးအိမ်(ကလေး၂ယောက်ထိန်း) (သို့) သူ့ သူငယ်ချင်းအိမ်တွေမှာ ၃ လ
လစာ မရဘဲ အလကား လုပ်ပေးရပြီး။ သူ မန်နေဂျာ တာဝန်ယူပြီး လုပ်နေတဲ့
(---) ဆေး တွေ လိုက်ရောင်းခိုင်းပါတယ်။ ၃လ ပြည့်တော့ "မကြိုက်ဘူး" ဆိုတဲ့
အကြောင်းပြချက်နဲ့ အလုပ်ဖြုတ်ခံထိကာ ကိုယ့်ပိုက်ဆံနဲ့ လေယာဉ် စီးပြီး ကိုယ့်နိုင်ငံ
ကိုယ်ပြန်ရတဲ့ ဘ၀ကို ရောက်ခဲ့ရပါတယ်။ တော်တော်အကြံပိုင်တဲ့ မြန်မာ ပွဲစား
မကြီးပါ။ တစ်နှစ်အတွင်းမှာ အခမဲ့ အိမ်ဖော်တွေ သူ့အိမ်မှာ အလုပ် လာလုပ် ပေးနေရ
သလိုပါဘဲ။ (--) ဆေး အရောင်းအ၀ယ် အလုပ်ကို အတင်းအကျပ် လုပ်စေပါတယ်။
မရောင်း ပေးရင် ပြဿနာ ရှာပါတယ်။ နောက်ဆုံး အချက်ကတော့ တော်တော် ဆိုး
ပါတယ်။ သူ့ သူငယ်ချင်း စင်ကာပူ နိုင်ငံသား သက်ကြားအို အဖိုးကြီးက ကလေး လို
ချင်လို့ အငှား ကိုယ်ဝန် ဆောင်ပေးပါတဲ့။ သူ့ စကားက တော်တော်လှပါတယ်။
သူ့မိတ်ဆွေ အဖိုးကြီးက ကလေး လိုချင်လို့ အဲဒီ အဖိုးကြီးနဲ့ လိုက်အိပ်ပေးပြီး
ကလေးတွေ မွေးပေးပါ။ အငှား ကိုယ်ဝန်ဆောင်ပေးပါတဲ့။ ပိုက်ဆံ ပေးပါ့မယ်တဲ့။ သား
သမီးချင်း မစာနာတဲ့ စကားပါ။ ကျမတို့ကို သူ့မိတ်ဆွေ စင်ကာပူ တရုတ် သက်ကြား
အို အဖိုးကြီးရဲ့ အပျော်မယားငယ် အဖြစ် ရောင်းစားတဲ့ သဘောပါ။ ကျမ ချက်ခြင်း
သဘောပေါက်ပြီး တစ်လ မပြည့်ခင်မှာ လေယာဉ် လက်မှတ် ၀ယ်ပြီး အမိ မြန်မာပြည်
ကို အပြီး၊ အပြီး၊ အပြီး ပြန်လာခဲ့ပါတယ်။ တော်ပါပြီ။ ငွေဆိုတဲ့ ဘဏ္ဍာ မရရင် နေပါ။
ငွေဆိုတဲ့ ဘဏ္ဍာ မရရင် နေပါ။

ကိုယ့်နိုင်ငံ ကိုယ်ပြန်မယ်ဆိုပြီး ပြန်လာခဲ့ပါတယ်။ ဘုရားသခင်ကိုလဲ ဆုတောင်း ဆက်
ကပ်ခဲ့ပါတယ်။ ကိုယ်တော် အလိုရှိရင် ကျမနဲ့ သင့်တော်တဲ့ အလုပ် ပေးပါလို့
ဆုတောင်း ခဲ့ပါတယ်။ ကျမ က နယ်မြို့လေးမှာ နေထိုင်တဲ့သူပါ။ ရန်ကုန်မြို့ကြီး ပေါ်
မှာ နေထိုင်ပြီး အလုပ်လုပ်ချင်မိခဲ့ပါတယ်။ စင်ကာပူမှာ အလုပ် မရမဲ့ အတူတူ ရန်ကုန်
မှာ အလုပ်ရဖို့ ဆုတောင်းခဲ့ပါတယ်။ ဘုရားသခင် အလွန်ကောင်းမြတ်ပါတယ် မကြာ
ခင်မှာ ကျမ အလုပ်ရခဲ့ပါတယ်။ ရန်ကုန်က နိုင်ငံခြားကုမ္ပဏီတစ်ခုက နိုင်ငံခြား သား
သူဌေးရဲ့ အတွင်းရေးမှူး ရာထူးနဲ့ လစာကောင်းကောင်း အဆင်ပြေပြေ အလုပ် ကို
ရခဲ့တဲ့အပြင် ရန်ကုန်က လူချမ်းသာတွေ နေတဲ့ နေရာမှာ နေစရာ အိမ်ခန်း ကိုပါ
ဘုရား သခင်က ပြင်ဆင်ပေးခဲ့ပါတယ်။ လောကမှာ နေထိုင်အသက်ရှင်စဉ် မကောင်း
သော အမှုအပေါင်းရဲ့ အခြေအမြစ်ဖြစ်တဲ့ ငွေကို တပ်မက်ခြင်းဟာ မကောင်း သော
မတရားသော အရာများကို ဖြစ်ပျက် စေပါတယ်။။ မကောင်းသော အမှု များရဲ့ မူလ
အမြစ် ဖြစ်တဲ့ ငွေကို တပ်မက်ခြင်းမရှိဘဲ ရိုးရိုးကျင့် မြင့်မြင့်ကြံကာ ငွေ ကို သမ္မာ
အာဇီဝနဲ့ ရှာဖွေနိုင်ဖို့ ဘုရားသခင်က ကျမကို လမ်းပြသွန်သင် ပေးတဲ့ အကြောင်း
သခင့်စကားက တဆင့် သက်သေခံရေးသားလိုက်ပါတယ်။ အယ်ဒီတာနှင့် တကွ
စာဖတ်သူ အားလုံးကောင်းကြီးခံစားရပါစေ။ ။ (မေရတနာသူ)

သခင့်စကား (နိုဝင်ဘာလ)
THE LORD'S WORD spiritual magazine
Download Link (ယုဒသန်နှစ်ခြင်းအသင်းတော်)
http://www.jbcs.org.sg/NewLordsWord/doc/NOV2014.pdf

Comments