ဆရာဟင်နရီအန်း (L.A USA) သက်သေခံ၊ အင်တာဗျူး

ဆရာဟင်နရီအန်း
အမေရိကန် မှာထုတ်ဝေတဲ့ ရတနာပုံသတင်းစာ Mandalay Gazette  မှာ လော့စ်အိန်ဂျလိမြို့မှာနေထိုင်တဲ့ ဆရာဟင်နရီအန်းနဲ့ အင်တာဗျူးရေးသားထားပါတယ်။ အချို့ကို ကောက်နှုတ်ဖေါ်ပြပါတယ်။

မေး။  အမေရိကားရောက်တော့ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရပါသလဲ?
ဖြေ။ ရီစရာတခု ပြောပြရဦးမယ်။ ကျွန်တော့သား အငယ်ဆုံးက၊ အဲဒီအချိန်မှာ ၅နှစ်ပဲရှိသေးတယ်။ လေဆိပ်အပြင်ရောက်တာနဲ့ သားငယ်က "အဖေ၊ အမေရိကားက အရမ်းချမ်းသာတာပဲနော်" တဲ့။ ကျွန်တော်က ဘာဖြစ်လို့လဲလို့ ပြန်မေးတော့ "မလေးရှားမှာဆို လေအေးပေးစက်က အခန်းထဲမှာပဲထားတာ၊ အမေရိကားမှာကျတော့ အပြင်မှာပါ လေအေးစက် တတ်ထားတယ်နော်" တဲ့။ ဆန်ဖရန်စစ္စကိုမှာ အပြင်လေအေးတွေက တဖြူးဖြူးနဲ့ဆိုတော့ သူက လေအေးပေးစက် တပ်ထားတယ် ထင်တာလေ။



ဒီကို ကျွန်တော်တို့ထွက်လာကတည်းက အလုပ်နဲ့ လာတာဆိုတော့ အလုပ်အတွက် သိပ်မပူပင်ရဘူး၊ ရောက်ရောက်ချင်းဆိုတော့ အလုပ်ကနေဖို့ အခန်းတခုပေးထားပြီး အခန်းငှားခိုင်းတယ်။ ဒါပေမဲ့ အခန်းသွားငှားတိုင်း ကလေး ၄ ယောက်ကို ဘယ်အခန်းကမှ လက်မခံတော့ တနှစ်သာ ကြာသွားတယ်။ အိမ်က ငှားမရခဲ့ဘူး၊ အလုပ်က ငှားမရလဲ ၀ယ်ကွာတဲ့။ အခုမှ အမေရိကားရောက်တဲ့လူ တလမှာ ဒေါ်လာ ၉၀၀ ပဲရတာ။ ကျွန်တော့မိန်းမကလည်း အလုပ်မလုပ်ဖူး ဆိုတော့ ဘယ်ကပိုက်ဆံနဲ့ ၀ယ်နိုင်မှာလည်း ဆိုတော့ အလုပ်က မတည်ငွေ နည်းနည်းပေးတယ်။ ဟောင်ကောင်မှာနေတဲ့ ညီဆီက နည်းနည်းချေးငှားပြီး အခုနေတဲ့အိမ်ကလေးကို ၁၉၇၇ ဇွန်လမှာ ၀ယ်လိုက်နိုင်တယ်။

အခုဆိုရင် ၃၁ နှစ်တောင်ရှိနေပြီပေါ့။ ဒီအိမ်ကလေးက ဘုရားပေးတဲ့ အိမ်ကလေးပါ။ ဘာလို့လဲဆိုတော့ သားသမီး ၄ ယောက် အိမ်ဝယ်တိုင်း Down Payment ကို ဒီအိမ်ကလေးကိုပဲ ဘဏ်ကို ပေါင်ပြီး သားသမီးတောင်းတဲ့ငွေကို သူဌေးလိုပဲ ပေးနိုင်ခဲ့လို့ပါ။ ကျွန်တော် ချမ်းသာသလားဆိုတော့ မချမ်းသာပါဘူ၊ အဲ .. ဒါပေမဲ့ သားသမီးတွေ ငွေလိုတယ်ဆိုတာနဲ့ ကျွန်တော်က ပေးနိုင်နေတယ်။ ဒါကြောင့် ကျွန်တော့ကို သူတို့က Money Tree လို့ ခေါ်ကြတယ်။

မေး။   သင်းအုပ်ဆရာအဖြစ် လုပ်ခဲ့တဲ့ သက်တမ်းတလျှောက်မှာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို ပြောပြပါဦး။ 


ဖြေ။   ဒါကတော့ တော်တော်စိတ်ဝင်စားဘို့ ကောင်းလိမ့်မယ်။ ပထမဦးဆုံး သင်းအုပ်ဆရာအဖြစ် လုပ်ခဲ့တဲ့နှစ်မှာ ကြုံတွေ့ခဲ့ရတာ။ ဟိုတုန်းက လူငယ်ဆိုတော့ ကလေးတွေနဲ့ သိပ်ရင်းနှီးတာ။ တရက်မှာ ကလေးတယောက် တော်တော်နေထိုင်မကောင်းဖြစ်နေတယ်။ နေမကောင်းဖြစ်နေတဲ့ ကလေးရဲ့ အဖွားလုပ်သူက တော်တော်ကို ဆုတောင်းအားပြင်းတာ။ သူဆုတောင်းတာတွေက တော်တော်ပြည့်တယ်ပေါ့၊ ကလေးက နေထိုင်မကောင်းတော့ အဖွားလုပ်သူက ငါဆုတောင်းပေးမယ်။ လုပ်ပေးမယ်ပေါ့နော်။ ဒါပေမဲ့ ကလေးကိုယ်တိုင်က လက်မခံနိုင်ဘူး။ ကျွန်တော့ကိုပဲ ခေါ်ခိုင်းတယ်။ ဆရာအန်းကိုပဲ ခေါ်ပေးပါ တောင်းတယ်။ အဲဒါ ၃ ရက်လောက်ရှိနေပြီ။ ကလေးက စားလည်းမစား၊ မိဘကလည်း ဒီကလေး ဒါလောက်တောင် တောင်းတနေမှ ခေါ်ပေးလိုက်မယ်ဆိုပြီး ကျွန်တော့ကို လာခေါ်တော့ ဒါဟာ ကျွန်တော့ကို ပထမဆုံး ဘုရားသခင်က စမ်းတာပဲ ဆိုပြီး လိုက်သွားရင်းနဲ့ ဘုရားသခင်ဆီမှာ ဆုတောင်းတယ်။ ဒါမျိုး တခါမှလည်း မကြုံဖူးတော့ ဘုရားသခင် ကူညီပါ ဆိုပြီး လိုက်သွားတယ်။ ကလေးက အိပ်ယာထဲမှာ မထနိုင်တော့ ဒီအတိုင်းပဲ အိပ်နေပြီး ဆုတောင်းဝတ်ပြုမယ်ဆိုတော့ အဖွားလုပ်တဲ့လူက မရဘူး၊ ကျမ်းစာကို လေးစားလိုက်နာရမယ်၊ အိပ်ယာကထပြီး ခံယူရမယ်ဆိုတော့ အတင်းထပြီး ခံယူစေတယ်။ ကျွန်တော် ဆုတွေတောင်းပေးပြီး အာမင် လို့လည်း ဆိုပြီးရော ကလေးလဲ တခါတည်း ပုံရက်ကလေး လဲကျသွားတာ ကျွန်တော့ရဲ့ ပထမဦးဆုံး အတွ့အကြုံဆိုတော့ ဘာလုပ်ရမှန်းမသိဘူး ဖြစ်သွားတယ်။ ငါတော့ အလုပ်ပါ ပြုတ်ပြီလို့ ထင်တာပဲ။ ဘုရားသခင်အပေါ် ယုံကြည်မှုအပြည့်နဲ့ လုပ်တာ ဘုရားသခင်၊ ကူညီပါဆိုပြီး ဆုတောင်းတာပေါ့၊ ခဏလေးကြာတော့ ကလေးလည်း သတိရလာပြီး ဗိုက်ဆာတယ်ဆိုပြီး တောင်းတော့ အိုဗာတင်းတိုက်တာ တလုပ်ပဲသောက်ပြီး အန်လိုက်တာနဲ့ ကလေးက နေပြန်ကောင်းသွားတယ်။ အဲတာ မျက်မြင်ကိုယ်တွေ့ပါ။ သန့်ရှင်းသောဝိညာဉ် ကူညီတာပေါ့။


မေး။   ဘ၀မှာ အမှတ်အရဆုံး အဖြစ်အပျက်တခုကို ပြောပြပေးပါ။
ဖြေ။  အမှတ်ရစရာတွေကတော့ အများကြီးရှိပါတယ်။ အဲဒီထဲက ရွေးပြောရင်တော့ လူတွေက မြန်မာပြည်မှာသာ စုန်းတို့၊ ကဝေတို့ ရှိတယ်ထင်နေတာ၊ နေရာတကာမှာ ရှိတယ်ဗျ။ တရက်မှာ တရက်မှာ အဖွားကြီးတယောက်မှာ မကောင်းဆိုးဝါး ပူးနေတယ်ပေါ့။ တခြားသင်းအုပ်ဆရာတွေခေါ်တာ မလိုက်ကြဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါမျိုးက သန့်ရှင်းသောဝိညာဉ်တော်က ကိုယ်နဲ့အတူရှိမှရတာ၊ အဲဒါ သူတို့က လာပင့်တဲ့အခါကျတော့ ချက်ချင်းကတိမပေးရဲဘူး၊ သူတို့ကို ပြောလိုက်ပါတယ်၊ ကျွန်တော်ဆုတောင်းပါမယ်။ သန့်ရှင်းသောဝိညာဉ်တော် ကျွန်တော်နဲ့ အတူရှိတဲ့အချိန်ကျရင် ကျွန်တော်လာခဲ့ပါမယ်လို့ ပြောလိုက်ပါတယ်။ ကျွန်တော် ၄နာရီလောက်ထိုင်ပြီး ဆုတောင်းတော့ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်နဲ့အတူရှိနေပြီ။ ဘုရားသခင်က ခွင့်ပြုပြီဆိုတာ ခံစားသိရှိပြီ ဆိုတာနဲ့ သူတို့ကို ဖုန်းဆက်ပြီး လာခဲ့ပါမယ်လို့ အကြောင်းကြားလိုက်တယ်။

ကျွန်တော် သူတို့ရဲ့ အိမ်တခါးဝတောင် မရောက်သေးဘူး၊ အဖွားကြီးကပြောတယ် နင်တို့ ငါ့ကိုမတိုင်ပင်ပဲ ဘာဖြစ်လို့ ဆရာသွားပင့်သလဲလို့ မေးတယ်။ သူအိမ်သားတွေက ဘယ်လိုလုပ်သိနေတာလဲလို့ ပြန်မေးတော့ သူက ငါအားလုံးသိတယ်တဲ့။ ကျွန်တော်က သူ့ရဲ့ခေါင်းကိုကိုင်ပြီး ဆုတောင်းပေးတော့ သူက အသံစူးစူးနဲ့ ကျွန်တော့ရဲ့ ဆုတောင်းသံကို ဖုံးသွားအောင် အော်တယ်။ ကျွန်တော်ကလည်း သူအော်သံထက် ပိုမြင့်ပြီးတော့ ရွတ်ရတယ်။ ဒီလိုနဲ့ သူနဲ့ကျွန်တော် အားပြိုင်ကြတာ တော်တော်လေး အားကုန်သွားတယ်။ နောက်ဆုံးမှ သူဖက်ကလျှော့ကျသွားပြီး ငြိမ်ကျသွားတယ်။ ငြိမ်လည်း ကျသွာရော တခါတည်း ပုံစံပြောင်းသွားလိုက်တာ ကလေးလိုပဲဖြစ်သွားတယ်။ ကျွန်တော်ပြောတာကို နားထောင်တယ်။ ၂ယောက်စလုံးလည်း မောနေကြပြီလေ၊ ဒါနဲ့ ရေ၂ခွက်တောင်းပြီး သူတခွက်သောက်၊ ကျွန်တော်လည်း တခွက်ဆိုပြီး သောက်ကြတယ်ပေါ့။ သူ့သားက ရေသွားတိုက်တော့ ရေခွက်ကို ပုတ်ချလိုက်တယ်။ ဒါနဲ့ နောက်တခွက်တောင်းပြီး ကျွန်တော်ကိုယ်တိုင်တိုက်တယ်။ နင်လဲမောပြီ ရေသောက်လိုက်တော့ဆိုတော့ ယူသောက်တယ်။ ကျန်းမာရေးမကောင်းတဲ့ သူ့ကို ဆေးရုံရဲ့ အရေးပေါဌာနမှာ သွားပြခိုင်းတော့၊ သူက ကားပေါ်ကိုမတက်ဘူး၊ ဒါနဲ့ကျွန်တော်ကပဲ နင်နေမကောင်းဖြစ်နေတယ်။ ဆရာဝန်သွားပြရမယ် ဆိုတော့ သွားမယ်ဆိုတာနဲ့ ကျွန်တော်ပါ တခါတည်းဆေးရုံလိုက်သွားပေးလိုက်ရတယ်။ နောက်၁၀နှစ်ကြာတော့ သူ့သမီးက ဖုန်းဆက်လာတယ်။ သူ့အမေဆုံးသွားလို့ဆိုပြီး ဆရာပဲအစအဆုံး ကူညီပါဆိုတော့ သူ့ရဲ့ နာရေးကို သွားပြီး ကျွန်တော်ပဲဆုတောင်းပွဲလုပ်ပေးလိုက်ရတယ်။

နောက်တခုကတော့ ကျွန်တော့ရဲ့ အမေပေါ့၊ အမေရ အစက ခရစ်ယန်ဘာသာဝင်မဟုတ်ဘူး၊ ဒီတော့ အဖေက ခရစ်ယာန်ဘာသာဝင်တွေ အိမ်လာလည်တိုင်း အမေ့ကို ခရစ်ယာန်ဘာသ၀င်ဖို့ အတင်းတရားဟောခိုင်းတယ်။ ကျွန်တော်က ဘယ်တော့မှ အမေ့ကို အတင်းမတိုက်တွန်းဘူး။ ဒါပေမဲ့ ကျွန်တော်တရားဟောတဲ့အခါတိုင်း အမေ့ကို ဦးတည်ပြီးတရားဟောသလို၊ စိတ်ကို ဦးညွတ်ပြီး တရားဟောတယ်။ ၁၉၉၄ခုမှာ အမေက ခရစ်ယာန်ဘာသာဝင်ချင်ပါတယ်ဆိုတော့မှ ကျွန်တော်လုပ်ပေးလိုက်ရတယ်။

အမေဆုံးတော့ တခြားင်းအုပ်ဆရာတွေက သူတို့က နာရေးဆုတောင်းပွဲကို လုပ်ပေးမယ်လို့ပြောတယ်။ ကျွန်တော်ကတော့ အမေံအတွက် ကျွန်တော်ကိုယ်တိုင်ပဲလုပ်ပေးချင်တယ်။ ကျွန်တော်က င်းအုပ်ဆရာဟောမယ့်တရားဟောပြောချက်ရေးလိုက်မယ်ဆိုပြီး တညလုံးရေးတာ ဘယ်လိုမှ မထွက်တာနဲ့ နောက်ဆုံး ၀င်အိပ်လိုက်တာ မနက်၎နာရီမှာ အိပ်မက်ထဲမှာ အဖေနဲ့ အမေ ကောင်းကင်ဘုံမှာတွေ့ကြပုံတွေ၊ သူတို့ပြောနေတဲ့ စကားလုံးတွေကို အားလုံးသေသေခြာခြာ ကြားနေရတယ်၊ ဒါနဲ့ အိပ်ယာက အမြန်ထပြီး အမြန်ရေးချလိုက်တာ အဲဒီနေ့က " In My Father House are Many Rooms "  ဆိုပြီး တရားဟောလိုက်တာ လူတွေကဘာပြောကြသလဲဆိုတော့ ဟောလာတဲ့တရားတွေထဲမှာ ဒီတခါ အကောင်းဆုံးပဲလို့ ပြောကြတယ်။ 

မှတ်ချက်။  အပြည့်အစုံကို သတင်းစာ နိုဝင်ဘာ၊ ဒီဇင်ဘာ ၂ပိုင်းခွဲဖေါ်ပြထားပါသည်။ ဆရာဟင်နရီအန်းသည် ဖိလစ်ပိုင်မှာ ခရစ်ယာန် အသံလွှင့်ဟောပြောခြင်းများ နှစ်ပေါင်းများစွာလုပ်ခဲ့ပြီ။ ၁၉၇၇ အမေရိကန်ရောက်ပြီး မြန်မာလို အားရပါးရ ဘုရားရှိခိုးရန် မြန်မာအသင်းတော် အယ်ဟန်ဘာရာမြို့ နှင့် အယ်အေ - Temple Baptist Church များတွင် စတင်ခဲ့သူဖြစ်ပါသည်။ 18 Jan 2009 Burmese Bible Media ပြန်လည်ဖေါ်ပြပါသည်။ အမေရိကားရောက် ဝိညာဉ်ရေးခရီးစဉ် ၂၀၀၈ စာအုပ်ကို 140 pages, eBook အဖြစ်ဒေါင်းလုပ် တင်ထားပါသည်။ မုရန်

Comments