မထူးဆန်းတဲ့ ..ထူးဆန်းထွေလာမြန်မာလူငယ်တချို့ 2006.December

မထူးဆန်းတဲ့ ..ထူးဆန်းထွေလာမြန်မာလူငယ်တချို့
ဥပဒေစိုးမိုးမှုမရှိ၊ ပညာအရည်ချင်းနည်းပါးမှုကြောင့် တိရိစ္ဆာန်သာသာလူဘောင်ကနေ မြန်မာနိုင်ငံသားများ လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် စစ်မှန်တဲ့ခေါင်းဆောင်ဘဝ ရောက်လာပါတယ်။ ချိတ်ဆိုတာ ၂ ဘက်စလုံး ကောက်နေမှ ပြသနာဖြစ်တာပါ။ တဖက်ကဖြောင့်နေရင် တဖက်ကဘယ်လောက်ကောက်ကောက် မချိတ်ပါဘူး။ အရေးကြီးဆုံးက ခေါင်းဆောင်များ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်ဗိုလ်ချုပ် ၂၅% ကို မထိန်းချုပ်နိုင်ပေမဲ့ သူ့လူ အင်အယ်ဒီပါတီ ၇၀%လောက်ကို မေတ္တာသစ္စာနဲ့ ထိန်းချုပ်နေဆဲ ဖြစ်ပါတယ်။ လူ့သဘာဝအတိုင်း အာဏာရရှိလာချိန်မှာ အမှန်တရားအတွက် အင်အယ်ဒီလွတ်တော်အမတ်များ လုပ်ဆောင်ရင်း ပါတီစည်းကမ်းနဲ့ညိသွားပြီး အရေးယူနေပါတယ်။ မှန်တိုင်းလဲ ပြောလို့၊ လုပ်လို့ မဖြစ်တာတွေ ရှိပါတယ်။
.
.
မှန်ဖို့ထက် ကောင်းဖို့ ပိုပြီးအရေးကြီးပါတယ်။ ဘုရားသခင်ဟာ အမြဲတမ်းကောင်းမြတ်ပါတယ်။
.
.
အကြွေးတင်၊ လယ်မြေဆုံး ငွေတိုးချေး ဇတ်လမ်းတွေက မထူးဆန်းပါ။ အောက်ဆုံးအဆင့် ထူးဆန်းတဲ့ နိုင်ငံသားလူငယ်ဖြစ်ရပ်တချို့ ရေးချင်စိတ်ပေါ်လာလို့ ရေးလိုက်ပါတယ်။
.
.
.
၁။ မောင်လှမြင့်
တောရွာတစ်ခုမှဖြစ်သည်။ အသက်၁၂နှစ် မိန်းမယူသည်။ မိန်းမက ၁၃နှစ်အရွယ်ဖြစ်သည်။ ယခု အသက်၂၇နှစ်၊ ရိုးသားကြိုးစားသည်။ အလုပ်ဟူသမျှ အကုန်လုပ်သည်။ မိန်းမနှင့် ကွဲကွာသွားပြီး ကားနောက်လိုက် စပယ်ယာလုပ်ရင်း လွန်ခဲ့သော ၂နှစ်က ပန်းတနော်မြို့သို့ ရောက်ရှိလာသည်။ အသက်၃၅နှစ်အရွယ် သမီး၂ယောက် လင်ကွဲမိန်းမတစ်ယောက်နှင့် အိမ်ထောင်ကျပြီး ယခုအခါ ပန်းတနော်မြို့တွင် ဆိုက်ကားနင်းနေသည်။ တနေ့ ဆိုက်ကားနင်းပြီး ကျပ်၎ထောင်၊ ၅ထောင် ဝင်ငွေရသမျှ မိန်းမထံအပ်နှံပြီး မိန်းမခိုင်းသမျှ ကျိုးနွံ့စွာလုပ်ကိုင်နေသည်။ ယောက္ခမဖြစ်သူက သူ၏ရိုးသားမှုကြောင့် ဆိုက်ကားအုံနာထံမှ ဆိုက်ကားတစ်စီး တနေ့ ၆၀၀ကျပ်ဖြင့် ငှားရမ်းပြီး ဆိုက်ကားမောင်းစေသည်။ ဆိုက်ကားအုံနာ မိသားစုတွင် ဆိုက်ကားပေါင်း ၈၀ကျော် ပိုင်ဆိုင်ပြီး၊ ရိုးသားကြိုးစား ဧရာဝတီသား များကို ငှားရမ်းစီးပွားလုပ်ပါသည်။ မောင်လှမြင့် အတွက် ဆိုက်ကားမောင်း လိုင်စင်ကိုလဲ စည်ပင်ဌာနအသိမှတ်ပြု တရားဝင်ဖြစ်အောင် လုပ်ပေးထားသည်။ မောင်လှမြင့်က သူသည် ကားလည်းမောင်းတတ်ကြောင်း၊ က.ည.န ထုတ်ပေးသော အမောင်းသင်လိုင်စင် နှင့် ကားစပယ်ယာလိုင်စင် ထုတ်ပြသည်။ ကားစပယ်ယာ လုပ်ရင်း ကားအုံနာက ထိုလိုင်စင်များကို လုပ်ပေးကြောင်း၊ သင်တန်းလည်း တတ်ဖို့မလိုကြောင်း ပြောပြသည်။
.
၂၇နှစ်လူငယ် မောင်လှမြင့်၏ ရိုးသားမှုကို သဘောကျမိသည်။ ထိန်းဖို့တော့လွယ်မည်မဟုတ်။
.
ဘယ်နှစ်တန်းအောင်သလဲ ဟုမေးမြန်းကြည့်ရာ .. သူက ဝမ်းနည်းစွာဖြင့် ကျွန်တော် စာမတတ်ဘူး ဟုပြောပြရှာပါသည်။ မိမိကို အားကိုးတကြီးဖြင့် တွေ့ဆုံရခြင်းမှာ အိမ်ဝင်းခြံ သစ်ပင်ခုတ်ဖို့ ကျပ်၂သောင်း ပုတ်ပြတ်နှုန်းဖြင့် ငှားရမ်းရာ၊ သူ့မိန်းမ၊ သူ့မိန်းမပါ သမီး၂ယောက်တို့ အမြန်ဆုံးခုတ်ထွင်ရှင်းလင်းပေးကြပါသည်။ သမီး၂ယောက် ၁၃နှစ်၊ ၁၅နှစ် တို့လည်း သွက်လက်စွာ ကူညီလုပ်ကိုင်သွားကြသည်။ ပိုက်ဆံရဖို့ဆို ဘာမဆိုလုပ်မည် ဆိုသော စိတ်ထားဖြစ်သည်။ ထိုမိန်းကလေးငယ် ၂ဦးမှာ အိမ်ထောင်ကျနေပြီ၊ အကြီးမက ကလေးတယောက်ပင် ရနေကြောင်း၊ ထိုမိန်းကလေးငယ်၏ မိခင် (မောင်လှမြင့်၏ လက်ရှိမိန်းမ) သည် ဆေးရုံနားတွင် ကွမ်းယာဆိုင်ဖွင့်ထားကြောင်း၊ သူတို့အားလုံးက စာရေးတတ်ဖတ်တတ်ကြောင်း၊ မိမိကတော့ စာလဲမဖတ်တတ်၊ စာလဲမရေးတတ်ကြောင်း ရိုးသားစွာပြောပြရှာသည်။ မောင်လှမြင့် အလုပ်လိုချင်သည်။ သူ့ဆိုက်ကားကို ငှားပြီး အလုပ်တခုပေးကာ ကျပ်တထောင်ဖိုး အလုပ်တခုပေးလိုက်သည်။ မိမိ လက်မှတ်ကို ထိုးတတ်ဖို့၊ စာတတ်ဖို့ ကကြီး ခခွေး သင်ဖို့ အားပေးလိုက်သည်။ ဘုရားသခင်အကြောင်း နှင့် သခင်ယေရှုအကြောင်းကိုလည်း ပြောပြလိုက်သည်။
ရိုးသားကြိုးစားသော်လည်း အလွယ်တကူ လိမ်ညာခံရမည့် ရိုးသားမှုမျိုး ဖြစ်သည်။ ၁၀နှစ်ခန့်ကြီးသော ကလေး၂ယောက်အမေ မိန်းမ၏ တရားမဝင်လင်ဖြစ်နေရှာပြီး၊ ထိုမိန်းမနှင့် သူသမီး၂ယောက် ခိုင်းသမျှ လုပ်ပေးနေသော မြန်မာစာ၊ မရေးတတ်၊ မဖတ်တတ်သည့် မောင်လှမြင့်အကြောင်း ၊ အိမ်လာလည်သူ ဧဝံဂေလိ ဆရာမ ဒေါ်မာမာ က သူ့ကို ခရစ်စမတ် ကယ်တင်ရှင်ယေရှုအကြောင်း ပြောပြပြီး၊ ဝေစာပေးလိုက်ပါသည်။ စာမဖတ်တတ်သော်လည်း ထိုဝေစာကို သူ့မိသားစု ဖတ်မည်ဖြစ်သည်။.. သူ့ကိုသတိရဆုတောင်းပေးရန် ဖြစ်သည်။
.
.
.
.
၂။ မောင်ရွှေလေး နဲ့ မမြအေး
ကျောက်တန်းမြို့ ၃ရက်ကျမ်းစာသင်တန်းကို မမြအေး ရောက်လာသည်။ မြောက်ဥက္ကလာတွင် သူတို့လင်မယား နေထိုင်ကြသည်။ အသက်၂၅နှစ်အရွယ်ဖြစ်ပြီး ယောင်္ကျားကလည်း သက်တူရွယ်တူဖြစ်သည်။ တရက်တာ အတူစားသောက်နေထိုင်ကြရာတွင် မမြအေး ကိုယ်တိုင် မေးခွန်းများကို ဖြေကြားရာမှ ရယ်လဲရယ်ချင်၊ ထူးလဲဆန်းသောကြောင့် မှတ်သားလိုက်သည်။
မမြအေး အသက်၈နှစ်အရွယ်တွင် မိဘများက သီလရှင်ဝတ်ခိုင်းသောကြောင့် မအူပင်မြို့တွင် သီလရှင်အဖြစ် နေထိုင်ခဲ့သည်မှာ မနှစ်ကအထိဖြစ်သည်။ သီလရှင်ခေါင်းဆောင်က သူတို့ကို ဆန်းအလှုခံ လွှတ်ရင်း၊ လှုဒါန်းသမျှကို ဆရာမကြီးထံ အပ်နှံရသည်။ သီလရှင်ကျောင်းမှာ နေထိုင်စားသောက်သူ အယောက်၂၀လောက်၏ နေစဉ် မြို့ထဲသွားအလှုခံရသော ပြည်သူလူထုပေးကမ်းစာဖြင့် နေထိုင်ခဲ့သည်။
ကံကြမ္မာ အပြောင်းအလဲမှာ လွန်ခဲ့သော ၈လက ဖြစ်ခဲ့သည်။ ရန်ကုန်မှလာသော ကိုယ်ရင်ငယ်တစ်ဦး မအူပင်မြို့သို့ ရောက်ရှိလာပြီး၊ စကားပြောဆိုရာမှ ချစ်ကြိုက်သွားပြီး ၂ယောက်စလုံး လူထွက် အိမ်ထောင်ပြုပြီး မြောက်ဥက္ကလာပတွင် ကျပမ်းအလုပ်လုပ်နေကြလေသည်။ အိမ်ငှားခ တလ ကျပ်၃သောင်း ပေးရသည်။ မမြအေး ပြောပြချက်အရ ကိုယ်ရင်လူထွက် မောင်ရွှေလေးသည် ရှမ်းပြည်မှလာသော အသားဖြူ ရုပ်ချောသည်။ အိမ်ထောင်ပြုပြီးသည့်နောက် မောင်ရွှေလေးမှာ အရက်ပဲနေတိုင်းသောက်နေပြီး အလုပ်မလုပ်၊ မမြအေးကို သနားသော ပတ်ဝန်းကျင်မှ တောက်တိုမယ်ရအလုပ်ခိုင်းပြီး မမြအေး ဝင်ငွေဖြင့် ၂ယောက်နေထိုင်ကြသည်။ မောင်ရွှေလေး အရက်သောက်၊ အလုပ်မလုပ်သော်လဲ ဆိုးသွမ်းရိုက်နှက်ခြင်း မရှိပါ။ သို့သော် မမြအေး အလွန်စိတ်ပျက်နေသောကြောင့် အနီးနားမှ ခရစ်ယာန်ဆုတောင်းပွဲများတွင် ပါဝင်နေကြောင်း၊ ယခု ၃ရက် ဆုတောင်းပွဲကို ရောက်ရှိလာပုံကို ပြောပြပါသည်။ ၃ရက်စာ ထမင်းကြွေးပြီး ဧဝံဂေလိ ရက်တိုသင်တန်းဖြစ်သည်။
မောင်ရွှေလေးကိုတော့ မလာရောက်သဖြင့် မမြင်ရပါ။ မမြအေး အတွက် သတိရဆုတောင်းပေးရန်ဖြစ်သည်။
.
.
ပညာတတ်လူငယ်များက လစာကျပ်သိန်း ၃၀ သိန်း၅၀ ရနေချိန် ၇၀% တောရွာက မြို့တက်လာတဲ့ စရိုက်မကောင်းတဲ့ လူငယ်များအတွက်တော့ ပညာရေးရော ဝင်ငွေပါ ကွာခြားလွန်းပါတယ်။ ပညာသင်ရေး အလုပ်ရရှိရေး ပဲဖြစ်ပါတယ်။
.
.
နိဂုံး .....
ရန်ကုန်မြို့တွင် လူငယ်များစွာ ပျားပမ်းခတ် လှုပ်ရှားနေကြသည်။ လစာ တလ တသိန်း၂သောင်း ဖြင့် အလုပ်အကိုင်များစွာ ရှိနေသလို အလုပ်ပွဲစားများစွာ ရှိနေကြသည်။ ငွေထုတ်ပိုက်ပြီး ထိုင်းနိုင်ငံတွင် တလ၃သိန်းအလုပ်လုပ်ရန် ပွဲစားခ၅သိန်းအကုန်ခံရန် လာကြသူများစွာရှိသလို၊ ပွဲစားခ သိန်း၃၀ ပေးပြီး စင်ကာပူ၊ ဒူဘိုင်း အလုပ်သွားလုပ်လိုသူ လူငယ်များလည်း ရှိသည်။ မကြာမီ မြန်မာပြည်တွင် အလုပ်အကိုင်များ ပေါများလာရန် ဒေါ်အောင်ဆန်းစုကြည် လုပ်နိုင်ပါမည်။
မယုံကြည်သူများကို ဧဝံဂေလိ ယေရှုအကြောင်း ပြောဖို့ဆိုသည်မှာ သူတို့ဘဝကို နားလည်မှဖြစ်ပါမည်။ မြန်မာနိုင်ငံအနှံအပြားတွင် စားဝတ်နေရေးအတွက် လုံးပမ်းနေသူများ၊ မိသားစု အရက်၊ မူးရစ်ဆေးဝါးအောက် ရောက်ရှိနေပြီး ဘုရားသခင်ကို ဆာငတ်နေသူများစွာ ရှိနေပါသည်။ ထိုသူများအတွက် ဧဝံဂေလိ ယေရှုအကြောင်း ပြောပြဖို့၊ နှစ်သိမ့်စကားပြောပြီး ဆုတောင်းပေးဖို့ ဘုရားသခင်အလိုတော်ရှိပါသည်။ ကိုယ်တိုင် မလုပ်နိုင်သော်လည်း ဧဝံဂေလိုလုပ်နေသူများစွာ မြန်မာနိုင်ငံတွင် ရှိပါသည်။ သူတို့အတွက် တစ်ဒေါ်လာ အလှုငွေသည် မြန်မာနိုင်ငံ အခြေခံလူတန်းစားအတွက် ထမင်း၂နပ် ချက်ကြွေးနိုင်ပါသည်။
ယေရှုက အငယ်ဆုံးသောလူကို ပြုစုခြင်းသည် ငါ့ကိုပြုစုခြင်းဖြစ်သည် ... လို့ ပြောခဲ့ပါတယ်။
မုရန်
၁၇-ဒီဇင်ဘာ-၂၀၁၆
(နာမည် နေရပ်များ လွှဲထားပါသည်)။

Comments