ပညာ (ဆရာဒေးဗစ်လား)
ပညာ (ဆရာဒေးဗစ်လား)
မိဘတတ်နိုင်လို့ ပညာသင်ဖို့ အင်္ဂလန်ကိုပို့တယ်။ အမေရိကားကိုပို့တယ်။ ကြိုးစားပြီးဘွဲ့ရလာပေမဲ့ သူ့ကို ပညာရှိလို့မခေါ်ပါဘူးဗျ။ သူက သင်လို့တတ်လာတဲ့အတွက် ပညာတတ်လို့ပဲ ခေါ်ရမှာဖြစ်ပါ။ ပညာတတ် Educated နဲ့ ပညာရှိ Wisdom မတူပါဘူး။ ဒီအကြောင်းကို အနည်းငယ် နားလည်စေချင်ပါတယ်။
.
ဥာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက် သာ၍ကောင်း၏။ ပညာကုန်သွယ်၍ရသော အမြတ်လည်း ရွှေစင်ထက် သာ၍ကောင်း၏။ ပညာသည် ပတ္တမြားထက်သာ၍ အဖိုးထိုက်ပေ၏။ နှစ်သက်ဖွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင် ကြ။ သူ၏ လက်ျာလက်၌ အသက်တာရှည်သောကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။1
.
.
သို့သော်လည်း၊ စုံလင်သောသူတို့အားငါတို့သည် ပညာစကားကို ဟောပြော၏။ ထိုသို့ဆိုသော်၊ လောကီပညာကိုမဆိုလို။ ပြယ်ပျောက်တတ်သော လောကီမင်းတို့၏ ပညာကိုမဆိုလို။2 လောကပညာများက ကောင်းပါတယ်။ ဒါပေမဲ့ ပညာရှိ ဖြစ်ဖို့ဆိုတာ သင်ကြားလေ့လာထားတဲ့ ဗဟုသုတ Knowledge တွေကို ဘ၀မှာ လက်တွေ့ကျင့်သုံးခြင်း Apply လုပ်ရပါမယ်။
.
.
ပညာ သရုပ်ပြခြင်း
လူငယ်အမျိုးသားနှစ်ဦးကို စင်ပေါ်ဖိတ်ခေါ်ပြီး၊ တစ်ဦးကို လက်ဝဲ၊ လင်္ကျား ဆန့်တမ်းကာ (လက်ဝဲ = အသက်တာရှည်ခြင်း၊ လင်္ကျာ = စည်းစိမ်နှင့်ဂုဏ်အသရေ၊ ခန္တာကိုယ် = ပညာ)၊ အခြားတစ်ဦးအား ဖက်ရမ်းခြင်းဖြင့် ပညာကို ဖြန့်ဖြူး ဝေငှခြင်းအား လုပ်ဆောင်စေပါသည်။
.
.
ဆော်လမုန်မင်းကြီး ဆုတောင်းခြင်း
ပညာအရာမှာ အမြင့်ဆုံးလို့ သတ်မှတ်ခံရတဲ့ ဆော်လမုန်မင်းကြိး၊.. အိပ်မက်ထဲမှာ ထာဝရဘုရားက ဘာတောင်းလိုသလဲမေးတော့ သိတတ်သောဥာဏ် လိုချင်ပါတယ်၊ တောင်းခဲ့ပါတယ်။ ထာဝရဘုရားက သင်တောင်းလျှောက်သည့်အတိုင်း ငါပေး၏။ သင့်အဖ ဒါဝိပ်ကျင့်သည့်အတိုင်း ငါ့လမ်းသို့လိုက်ရင် ရှည်သောအသက်တာကိုလဲ ငါပေးမယ်လို့ မိန့်တော်မူချိန်မှာ .. အိပ်ယာက နိုးလာပါတယ်။3
.
ဒီနေရာမှာ မိမိရရှိတဲ့ ဘုရားစကားကို ကြားရုံပဲ ကြားရုံသာမက၊ နားထောင်ခြင်း Apply လုပ်ရပါမယ်။ လိုက်လျှောက်ရင် တောင်းတာတွေ ရမယ်လို့ ဆိုလိုပါတယ်။
.
စည်းစိမ်နှင့်ဂုဏ်အသရေ ဆိုတဲ့ လက်ဝဲဘက် နဲ့ အသက်တာရှည်ခြင်း ဆိုတဲ့ လင်္ကျာဖက် ၂ခု ရှိပါတယ်။ ဆော်လမုန်မင်းကြီးဟာ အလွန်ကြွယ်ဝတဲ့ စည်းစိမ်နဲ့ ဂုဏ်အသရေ ရရှိတာ မှန်ပေမဲ့၊ အသက်ရွယ် ၅၂နှစ် မှာပဲ သေဆုံးသွားတဲ့အတွက် အသက်မရှည်ပါဘူး။ ဒါကြောင့် ပညာ ကို အပြည့်အ၀ မရခဲ့ပါဘူး။ (ဒါဝိပ်မင်းကြီးကတော့ အသက်၇၀ ကျော်နေသွားပါတယ်)။
.
တကယ်တော့ ဆော်လမုန်မင်းကြီးဟာ သူ့အဘ ဒါဝိပ်ကဲ့သို့ ဘုရားစကားကို နားမထောင်ခဲ့ပါဘူး။ ... မိန်းမတို့ကို တပ်မက်သောစိတ် ရှိ၏။ မင်းသမီးဖြစ်သော ခင်ပွန်း ခုနှစ်ရာ၊ မောင်းမ မိသသုံးရာရှိ၍ .. စိတ်နှလုံးတော်သည် ခမည်းတော်ဒါဝိဒ်၏ စိတ်နှလုံးကဲ့သို့ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းမရှိ 4 .. လို့ ဆိုပါတယ်။ သူရေးထားတဲ့ ဒေသနာကျမ်းကို ဖတ်ကြည့်ရင် လောကကြီးဟာ အနတ္တ အနတ္တ လို့ရေးထားတာ တွေ့ရပါတယ်။ ခမည်းတော် ဒါဝိဒ်မင်းကြီးကတော့ လောကအရာရာတိုင်းကို ကျေးဇူးတော်ချီးမွမ်းလေ့ ရှိပါတယ်။
.
တနည်းအားဖြင့် ဆော်လမုန်မင်းကြီးဟာ လောကစည်းစိမ်များစွာ ခံစားသွားပေမဲ့ အသက်ရှည်ရှည် မနေရတဲ့အပြင် တနည်းအားဖြင့် သေခါနီး စိတ်ဖိစီးမှု Depression နဲ့ သေသွားရတယ်လို့ ဆိုနိုင်ပါတယ်။ မိန်းမတယောက်၊ ယောက္ခမတယောက်တောင် တော်တော်ခံရတာ၊ သူ့မှာက အများကြီး (ရယ်သံများ)။ ဒါက ဘုရားစကားကို ကြားရုံသာမက နားထောင်ခြင်း = နာခံလိုက်လျှောက်ခြင်း မရှိပ မိန်းမအများကြီးယူ ကာမဂုဏ်ခံစားလွန်းလို့ ဖြစ်ပါတယ်။
.
.
ကျနော်ဘ၀ အသက်တာ
ဘုရားသခင်စကားကို ကြားရုံမက နားထောင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် လောကစည်းစိမ် ငွေကြေးများ ရရှိလာရင် အားလုံးဟာ ဘုရားသခင်အတွက်ပဲ သုံးရမယ်လို့ ဆပ်ကပ်ထားပါတယ်။ ကျနော် ဇနီးသည်ကိုလည်း ငါတို့တော့ရလာတဲ့ ငွေကြေးပစ္စည်းတွေကို ဘုရားအတွက်ပဲ ပြန်သုံးမဲ့အကြောင်း ပြောတော့ သူကလည်း ..အေးလေ၊ ငါတို့အတွက် ဘုရားအတွက်ပဲ အသက်ရှင်အလုပ်လုပ်ရတာပဲလေ..လို့ သူကပြောပါတယ်။ သားအငယ်က အပြင်ရှောက်သွားလို့ အဖေ့ကို ၀ယ်ပေးဖို့ပူစာမယ်လုပ်ရင် သားအကြီးက အဖေပိုက်ဆံတွေက ဘုရားပိုက်ဆံတွေ၊ မဖြုန်းနဲ့.. လို့ ပြောပြပါတယ်။ ကနေဒါမှာနေတော့ သားအကြီး ၁၅နှစ်ပြည့်လို့ ကွန်ပြူတာဝယ်ပေးမလို့..သားအကြီးက ... အဖေ၊ သား ကျောင်းက ကွန်ပြူတာပဲ သုံးပါမယ်။ ကွန်ပြူတာဝယ်ဖို့ ကုန်မဲ့ငွေကို အဖေရဲ့ မစ်ရှင်အတွက် သုံးလိုက်ပါ ..လို့ပြောတော့ အရမ်းကျေနပ်ရပါတယ်။
.
ငွေဆိုတာ လူ့ဘ၀အတွက် လိုအပ်တဲ့အရာဖြစ်ပေမဲ့၊ ငွေကို တပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း၊ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားမှ လွှဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင် ထိုကြပြီ လို့နှုတ်ကပတ်တော်က ဆိုပါတယ်။
.
.
ယုံကြည်ခြင်းနဲ့ဆုတောင်းပါ။
ကျမ်းစာမှာ ယာဗက် Jabez ဆိုတဲ့ ထူးဆန်းသောသူ၊ သူဟာ အမင်္ဂလာအမျိုး၊ ကျိန်ခြင်းခံရသူ ဖြစ်ပေမဲ့ ၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကောင်းကြီးပေး၍၊ ကျွန်ုပ်နေရာကို ကျယ်ဝန်းစေ တော်မူပါ။ အကျွန်ုပ်သည် ဘေးဥပါဒ်အနှောက်အရှက်နှင့် ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက်၌နေ၍ ကွယ်ကာစောင်မ တော်မူပါ ..လို့ ဆုတောင်းပါတယ်။ သူ့အတွက် ဆုတောင်းတာမဟုတ်ပါ။ သူရမဲ့ ကောင်းကြီးမင်္ဂလာကို ဘုရားသခင် နိုင်ငံတော်အတွက် အသုံးပြုမယ် ဆိုတဲ့ မှန်ကန်တဲ့နှလုံးသားနဲ့ ဆုတောင်းတော့ ဘုရားသခင်နားညောင်းတယ်။ တောင်းသည့်အတိုင်း ဘုရားသခင်ပေးသနားတော်မူပါတယ်။6
.
.
.
နိဂုံး .. (ပညာ Wisdom)

နှုတ်ကပတ်တော်ကို ကြားရုံတင်မက၊ စကားကြားပြီး နားထောင်သူဟာ ကျောက်ပေါ်မှာ ခိုင်ခံ့တဲ့အိမ်ဆောက်ခြင်းနဲ့ တူပြီး၊ ကြား၍နားမထောင်သူဟာ လောကအရာဖြစ်တဲ့ သဲပေါ်မှာ အိမ်ဆောက်သလို မိုး၊လေ လာရင်ပြိုလဲမှာ ဖြစ်ပါတယ်။5
.
အာဗြဟံ အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူ တဲ့အခါ၊ သူဟာ အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားပါတယ်။ 7
.
နားထောင်ခြင်း ဆိုတာ လိုက်နာ၊ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ပညာရှိ ဆိုတာ ကြားရုံမက၊ လုပ်ဆောင်လေ့ ရှိပါတယ်။ ဒါကြောင့် နှုတ်ကပတ်တော် (ဘုရားစကား) ကို ကြားရုံတင်မက နားထောင်လုပ်ဆောင်ရင်
ပညာရှိအဖြစ် ..
လက်ျာဖက်လို ရှည်သောကာလ၊
လက်ဝဲဖက်လို စည်းစိမ်နှင့်ဂုဏ်အသရေ
နှစ်မျိုးစလုံးကို ခံစားရပြီး ဘုရားဘုန်းတော်ထင်ရှားပါမယ်။
.
ကြားနာပြီး
နားထောင်တတ်ကြပါစေ။
ရှည်သောအသက်တာနဲ့ စည်းစိမ်း၊ဂုဏ်အသရေ ရရှိပါစေ။
အယောက်စီတိုင်း ဘုရားကောင်းကြီးပေးပါစေ။
အာ..မင်။
.
.
.
1. သုတ္တံ ၃း၁၃-၁၆ Proverb 3:13-16
2. ၁ကော၂း၆ 1Cor 2:6
3. ၃ရာ၃း၅ 1Kings 3:5
4. ၃ရာ၁၁း၃ 1Kings 11:3
5. မသဲ၇း၂၄ Matthew 7:24
6. ၁ရာချုပ်၎း၁၀ 1Chronicles 4:10
7. ဟေဗြဲ ၁၁း၈ Hebrew 11:8

..
Prosperity Gospel ဖြစ်ပေမဲ့ နားထောင်ရင်၊ မိမိဘ၀အတွက်အလွန်အကျိုးရှိမှာပါ။ . Video Link
https://www.youtube.com/watch?v=Rec6vhLCM14 (2016 Myit Kyi Nar မြစ်ကြီးနားမြို့)

Comments
Post a Comment