တေးဂီတဟာ လူ့ဘ၀ကို ဘယ်လောက်လွှမ်းမိုးသလဲ
တေးဂီတဟာ လူ့ဘ၀ကို ဘယ်လောက်လွှမ်းမိုးသလဲ ဆိုတဲ့မေးခွန်းကိုဖြေရရင် နှုတ်နဲ့ပြောမပြနိုင်အောင် မိမိဘ၀ကို လွှမ်းမိုး၊ သြဇာသက်ရောက်တယ် လို့ပြောရပါမယ်။
.
ခရစ်ယန်တွေကတော့ သီချင်းတွေနဲ့ ဘုရားသခင်ကို ချီးမွမ်းသီချင်းတွေ ဆိုရင်း ဘ၀ဒဏ်တွေကို ကြံ့ကြံ့ခံကြတယ်။ Amazing Grace အံ့သြဘွယ်ကျေးဇူးတော် ဆိုတဲ့သီချင်းကို ရေးစပ်ခဲ့သူ ချမ်းသာကြွယ်ဝပေမဲ့ သူပိုင်ဆိုင်မှုတွေ ဆုံးရှုံးရုံတင်မက သင်္ဘောကြီးနစ်မြုတ်ချိန် သူကမသေပေမဲ့ သူ့သမီး၃ယောက်စလုံး သေဆုံးသွားတယ်။ သူဟာ လောကကြီးကို နားမလည်ပါဘူး။ နားမလည်သော်လည်း မမြင်ရတဲ့ သာ၌မြင့်သော ကောာင်းကင်ဘုံက ဘုရားသခင်မှာ အကြံအစည်ကြီး ရှိတယ်ဆိုပြီး ၀မ်းနည်းစွာနဲ့ ချီးမွမ်းဖို့ ..သီချင်းစပ်ဆိုခဲ့ပါတယ်။ ဒီလိုပဲ ဓမ္မသီချင်းများစွာ ၁၇ ရာစုကတည်းက စတင်သီဆိုချီးမွမ်းခဲ့ကြပါတယ်။ ဟိုး ..ယခင် ဒါဝိတ်မင်းကြီးလက်ထက် နှစ်ပေါင်း ၂ထောင်၊ ၃ထောင်၊ ၄ထောင်ကတည်းက သီဆို၊ တီးမှုတ် ချီးမွမ်းကြပေမဲ့ အခုခေတ်လောက် သီဆိုချီးမွမ်းကြမယ်တော့ မထင်ပါဘူး။ မိမိ အမြင်ပါ။
.
မိမိတို့ ငယ်စဉ်က ဘုရားသီချင်းများကို မခံစားတတ်ပါဘူး။ လောကသီချင်းများကိုပဲ ခံစားတတ်ပါတယ်။ မုံရွာမြို့လေးမှာ မက်သဒစ်အသင်းတော်နဲ့ ရိုမင်ကာသိုလစ်အသင်းတော် (၂)ပါးပဲရှိကြပြီး၊ အသင်းတော်မှာ အပတ်စဉ် သံစုံသီချင်း၊ သံပြိုင်သီချင်းမှာ မိမိတို့လူငယ်ယောင်္ကျားလေးများ ဂီတာတီးခွင့်ရခဲ့ပါတယ်။ သင်္ကြန်ပွဲတော်မှာ မော်တော်ကားငှားပြီး ဂီတာ၊ ဒ၇မ်တွေ ကားပေါ်တင်ပြီး၊ သင်္ကြန်သီချင်း၊ လောကသီချင်းများ သီဆိုတီးမှုတ်၊ ကခုန်ကြတယ်။ အသင်းတော်ရှေ့ လမ်းဘေးမှာ မဏ္ဍပ်ကြီးထိုးပြီး တီးဝိုင်းပစ္စည်းတွေတင်ပြီး အသင်းတော်က အမျိုးသမီးလေးတွေ သင်္ကြန်ယိမ်းကကြတယ်။ ဒါတွေကြည့်ရင် လောကလူသားတွေမှာ တေးဂီတ ဘယ်လောက်လွမ်းမိုးသလဲ ဆိုတာ သိနိုင်ပါတယ်။
.
အချစ်သီချင်းလို့ပဲ လောကသီချင်းတွေကို ခေါ်ကြပါတယ်။ အသက်ရွယ်ရလာတော့ လောကသီချင်းမှာပါတဲ့ အချစ်ကို ဘုရားသခင်အပေါ် ချစ်တဲ့ အချစ်လိုပဲ တင်စားပြီး သီဆိုတီးမှုတ်ခံစားတတ်လာပါတယ်။ အထူးသဖြင့် စိုင်းထီးဆိုင်ရဲ့ .. အချစ်အတွက်တဖန်မွေးဖွားခဲ့ပြီ ..ဆိုတဲ့ အချစ်သီချင်းကို ..ဘုရားသခင်ကို ဒုတိယမွေးဖွားခြင်း လူသစ်စိတ်သစ်နဲ့ ဘု၇ားရဲ့ ချစ်ခြင်းမေတ္တာကို ရရှိတဲ့အနေနဲ့ သီဆိုခံစားတတ်လာပါတယ်။ (အများစု အချစ်သီချင်းများက ကိုယ်ကပဲ ချစ်ပြီး တဖက်က မချစ်တဲ့ သီချင်းတွေများပါတယ်။ အချစ်သီချင်း လို့ပြောမဲ့အစား အလွမ်းသီချင်းလို့ ပြောတာက မှန်ပါလိမ့်မယ်)။
.
.
.
ဘုရားသီချင်းများ
အခု ဒီရုပ်ပုံမှာတော့ မြန်မာနိုင်ငံမှာ ရော့ခ် ဂီတာဆရာကြီး ချစ်စမ်းမောင်နဲ့ ဘုရားသီချင်းပဲ ဆိုတဲ့ စံပီး ၂ယောက် သူတို့ရဲ့ ခေတ်ပေါ် စတီရီယိုထဲမှာ ဂီတာပေါင်းများစွာ၊ စင်သီစိုင်ဇာ မစ်ဇာ အော်ဂင်ကြီးနဲ့ အသံသွင်း၊ အသံစမ်း လုပ်ရင်း၊ ဘုရားကို ချီးမွမ်းတဲ့ သီချင်း ဗွီဒီယိုတစ်ပုဒ်ဖြစ်ပါတယ်။ ခရစ်ယန် မဟုတ်လဲ ဂီတ၀ါသနာကြီးသူများ ချစ်စမ်းမောင် ဆိုပြီး နားမလည်လဲ နားထောင်ကြပါတယ်။
.
ချစ်စမ်းမောင် သက်သေခံချက်မှာ သူဟာ ဟင်္သာတမြို့နယ်၊ ကျေးလက်ရွာကလေးတစ်ခုကနေ ဂီတာကို အရူးအမူး ရူသွတ်ခဲ့သူ၊ ရန်ကုန်ရောက်လာပြီး အဲဒီခေတ်က ဂီတာဂုရုကြီး စေဘွဲ့မှုး ထံကို တပည့်ခံခွင့်ရခဲ့တယ်။ ဆရာ ဒေးဗစ်ရိုးမို (YC Young Crusader founder) ထံမှာ မူးရစ်ဆေးဖြတ်နေတဲ့ စောဘွဲ့မှုးနဲ့ မိတ်ဆက်ပေးပြီး၊ တပည့်ခံတယ်။ အလွန်လေးစားလို့ စောဘွဲ့မှုး နဲ့နေပြီး လိုအပ်သမျှ ဘာမဆိုကူညီလုပ်ကိုင်ပေးရင်း တပည့်ခံတယ်။ ဂီတပညာကို ရူသွပ်ကြိုးစားတဲ့အပြင် ဘုရားပေးတဲ့ ပါရမီလည်း ရှိတော့ ic Iron Cross ခေတ်ပေါ်တီးဝိုင်းကြီးကို ခေါင်းဆောင်ခွင့်ရခဲ့တာ နှစ်ပေါင်း ၂၀လောက် ရှိနေပါပြီ။ တီးဝိုင်းမစခင် အုန်းငှက်ပျောပွဲမတင်၊ ဘုရားထံဆုတောင်းခြင်းနဲ့ပဲ ဆပ်ကပ်လို့ တီးဝိုင်းက မယုံကြည်သူများတောင် တခါတလေ ဆုတောင်းဖို့ သတိမေ့နေရင် ဆရာဆုတောင်းရအောင်လေ..လို့ သတိပေးရတဲ့အထိ ဆုတောင်းခြင်းကို တီးဝိုင်းတစ်ခုလုံးက ခံယူကြပါတယ် ။
.
.
နိုင်ငံတည်ထောင်ရာမှာလည်း လူငယ်များ သီချင်းသံပြိုင်သီဆိုရင်း အားအင်တက်စေပါတယ်။ အထူးသဖြင့် စစ်ချီသီချင်းများက စစ်သားတွေ ချီတက်ရာမှာ အလွန်စိတ်ဓါတ်တက်ကြွစေပါတယ်။ မူလတန်း၊ အလယ်တန်းကျောင်းများမှာလည်း ကလေးတွေကို နိုင်ငံတော်သီချင်းကအစ အမျိုးသားစိတ် တက်ကြွစေတဲ့ သီချင်းများ သင်ပေး၊ သံပြိုင်သီဆိုပေးရင်း ပညာသင်ကြပါတယ်။ မူကြိုကျောင်းများမှာတော့ သီချင်း များများ ဆိုခိုင်းပါတယ်။
.
မြန်မာအိုင်ဒေါ နာမည်ကြီးတော့ မြန်မာတစ်နိုင်ငံလုံးက ရွက်ပုန်းသီး ဆယ်ကျော်သက်၊ ၂၀ကျော်၊ ၃၀ကျော် လူငယ်များစွာ လာရောက် သီချင်းဆိုပြိုင်ကြတယ်။ ဂယ်လက်စီ ဆိုပြီး သီချင်းပြိုင်ပွဲ ထပ်လုပ်တယ်။ လူငယ်များစွာ စတိတ်ရှိုး ဆိုရင် အဆိုကျော်တွေ ပါလာရင် ၀က်ဝက်ကွဲ လာကြည့်ကြတယ်။
.
.
သတိပြုဖွယ် လွန်ကြူးစွာချီးမွမ်းခြင်း
ချီးမွမ်းသီဆိုသူများ အများစုက လူငယ်များဖြစ်ပြီး၊ အသင်းတော်မှာ ကခုန်၊ အလွန်အကြူး ပျော်မြူးကြတယ်။ အပြင်က နိုက်ကလပ်၊ ပေါ့ပ်ပွဲတော်များကို မသွားပဲ အသင်းတော်ထဲ ကခုန်ကြတာတော့ ခွင့်ပြုရမှာဖြစ်ပေမဲ့၊ အလွန်ပြင်ထန်တဲ့ လောကတီးဝိုင်း တဒုန်းဒုန်း နဲ့ အသံခုနှစ်သံချီပြီး ဘုရားကို ချီးမွမ်းခုန်ပေါက်တာမျိုးကတော့ မသင့်လျော်ပါဘူး။ လူစီဖာ ဆိုတဲ့ ကောင်းကင်တမန်လည်း ကောင်းကင်ပေါ်က အောက်ပစ်ချခံရသလို အလွန်အကျူး ကခုန် အော်ဟစ် ချီးမွမ်းလာတာမျိုးကိုတော့ ဘုရားသခင်က ငြိမ်နေမှာမဟုတ်ဘူး ဆိုတာ မေတ္တာနဲ့ ရေးလိုက်ပါတယ်။
.
စံပီးနဲ့ ချစ်စမ်းမောင်တို့ ၅မိနစ် ဗွီဒီယိုလေးကို ချစ်မိတ်ဆွေများ နှစ်သက်ကြမှာပါ။ ကြည့်ပြီးလဲ ပြန်ကြည့်လို့ မရိုးနိုင်တဲ့ ချီးမွမ်းခြင်းပဲဖြစ်ပါတယ်။ ဂီတပညာ မြတ်နိုးသူတိုင်း ခရစ်ယန်မဟုတ်လဲ ခံစားနိုင်ပါတယ်။
.
မုရန်
၁၀.အောက်တိုဘာ.၂၀၁၇
.
အောက်ကလင့်ကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။

Comments
Post a Comment