Pastor Thang Kim ထိုင်းနိုင်ငံတွင်ကျွန်အဖြစ်ရောင်းစားခံရသူ မှ ကလေးပြုစုရေးသာသနာသို့...သက်သေခံချက်
Pastor Thang Kim
ထိုင်းနိုင်ငံတွင်ကျွန်အဖြစ်ရောင်းစားခံရသူ မှ ကလေးပြုစုရေးသာသနာသို့...သက်သေခံချက်
ကျနော်ဖခင်က ကားမောင်းသမား ဖြစ်ပြီး ဘုရားသခင်ကို အလွန်ယုံကြည် ကိုးစားသူဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ အရွယ်ရောက်လာချိန်မှာ ဘ၀မကောင်းခဲ့ပါဘူး။ ၁၃နှစ်သားဘ၀ မိရိုးဖလာအရ ဆရာဦးမျိုးချစ် ရဲ့ နှစ်ခြင်းမင်္ဂလာ ခံခဲ့ပါတယ်။ ဘေးအိမ်က အဒေါ်ကြီး ဆေးလိပ်သောက်တာကို သဘောကျပြီး သူသောက်တဲ့ ဆေးလိပ်တံဆိပ် ၀ယ်သောက်ရင်း ဆေးလိပ်သောက်လာပါတယ်။
ဆေးလိပ်ကနေ ဆေးခြောက်၊ မူးယစ်ဆေးသုံးရင်း ၈တန်း၂ခါကျတယ်၊ ၉တန်းစာမေးပွဲဖြေပြိး တော်တော်ပျက်စီးသွားလို့ ရွာပြန်ပို့တယ်၊ အရက်သမားဖြစ်သွားပြီး၊ နောက်တစ်နှစ် ၁၉၉၄လောက် မင်္ဂလာဈေးမှာ အရောင်းဝယ်လုပ် ငွေပေါများတော့ ဘ၀က ပိုပျက်စီးသွားပြီး၊ ဘိန်းဖြူစွဲသွားတယ်။ တစ်နှစ်ခွဲအကြာ မူးရစ်ဆေးစွဲတော့ အလုပ်ထဲက မယုံမကြည်ဖြစ်လာပြီး အဆင်မပြေတော့ပါ။ မလေးရှားကို ထွက်ခွာခဲ့၇ပါတယ်။ ကိုယ့်ပန်းကန်တောင် မဆေးတဲ့ ကျနော့် မှာ စားသောက်ဆိုင် ပန်းကန်တွေဆေး၊ ဆပ်ပြာရည်ထဲမှာ လက်တွေနာကြင်စွာနဲ့ အလုပ်လုပ်ရင်း၊ စားသောက်သူများ လက်ကျန်ဘီယာများစွာ နဲ့ ဖင်ဆီဒိုင်းဆေးတွေ မလေးရှားမှာ နေရတယ်။ အဖေကလည်း လေယဉ်ကွင်းတစ်ခု အလုပ်နဲ့ မလေးရှားကိုရောက်လာပါတယ်။ ဖခင်နဲ့တောင် မတွေ့နိုင်ပဲ မလေးရှားမှာ တနှစ်နေပြီး နောက်ဆုံးအဖမ်းခံရတယ်။ ၄၅ရက် အချုပ်ထဲနေရပြီး ရနောင်းမှာ ပြန်လွှတ်ပါတယ်။
.
.
၇နှစ်ကျော် ငါးဖမ်းသင်္ဘောကျွန်ဘဝ
ပွဲစားတစ်ယောက် ရောက်လာပြီး ကျနော်တို့၎ယောက်ကို ငါးဖမ်းသင်္ဘော အလုပ်လုပ်ဖို့ လာရွေးထုတ်သွားတယ်။ ၀မ်းသာတယ်။ သင်္ဘောအလုပ်ဆိုတာ တစ်ခါမှ မစဉ်းစားမိတဲ့အလုပ်၊ သင်္ဘောစထွက်တဲ့အခါ လှိုင်းမူးပြီး ၂ပတ်လောက် အလုပ်မလုပ်နိုင်ဘူး။ ထိုင်းအလုပ်သမားတွေက ကျနော်ကို ထိုးကြိတ်၊ ဆွဲရမ်းပြီး အလုပ်လုပ်ခိုင်းတယ်။ နောက်တော့ ကပတိန်က အရက်တိုက်တော့ အရက်မူးပြီး၊ လှိုင်းမူးတာပျောက် အလုပ်လဲ လုပ်နိုင်လာပါတယ်။ ထိုင်းစကား နဲနဲတတ်လာတော့မှာ ကျနော် တို့ ၄ယောက်ရဲ့ ၆ လစာ ပွဲစားကယူသွားပြီး ကျနော်တို့ကို ရောင်းစားသွားတယ် ဆိုတာ သိလိုက်ရတော့ တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုနဲ့ ငါးဖမ်းသင်္ဘော ပေါ်မှာ ၇နှစ် ၈လ အလုပ်လုပ်ခဲ့ရပါတယ်။
.
မိမိဘဝ
ကျနော့် အဖေက လူတွေအားလုံး၊ ဆွေမျိုးတွေ အားလုံးရှေ့မှာ ကျနော်မသေဘူး၊ ကျန်းကျန်းမာမာ ပြန်လာမယ်လို့ ၀န်ခံတယ်။ လူတွေက ဖခင်ကြီးကို ရူးသွားပြီလား ထင်ကြတယ်။ ဖခင်ကတော့ ထန်ကင်း ဆိုတဲ့ သားဖြစ်သူအတွက် အဆက်မပြတ် ဆုတောင်းပေးခဲ့ပါတယ်။ မောင်နှမ ၄ယောက်ရှိတာ အားလုံးကွယ်လွန်သွားကြပြီး၊ ကျနော်တစ်ယောက်ပဲ ကျန်ခဲ့ပါတယ်။ ဖခင်ကြီးကလဲ ကျနော်ပြန်လာမယ် လို့ ယုံကြည်စွာ မျှော်လင့် စောင့်စားနေပါတယ်။
.
.
ငါးဖမ်းသင်္ဘောအလုပ်မှ လွတ်မြောက်ခြင်း
ထိုင်းနိုင်ငံ ဆိပ်ကမ်းတွေကို ငါးဖမ်းသင်္ဘော ဆိုက်ကပ်ချိန်၊ သွားလာတတ်၊ ထိုင်းစကားလဲ ကောင်းကောင်း တတ်သွားပါတယ်။ ထိုင်းနိုင်ငံမှာ လူ့အသက်က တန်ဖိုးမရှိ၊ အချင်းချင်း ရန်ဖြစ်ပြီး သေကြေကြသူများ၊ နေမကောင်းလို့ ဖျားနာသေသူများ အစရှိသဖြင့် ဖြစ်ပျက်နေပါတယ်။ ဆိပ်ကမ်းကပ်ချိန်တွေဆိုရင် ပိုက်ဆံမကိုင်ခိုင်းပါဘူး။ နောက်ဆုံးတော့ အဖေအမေ တို့နဲ့ ပြန်အဆက်အသွယ် ရပါတယ်။ ထွက်ပြေးဖို့ ကြံစီပါတယ်။ ပင်လယ်ဖက်ပြန်မထွက်ခင် ကုန်စုံဆိုင်မှာ ပစ္စည်းတွေ ဘတ်၆ထောင်ဖိုး ၀ယ်ခွင့်ပေးချိန် ဆိုင်ရှင်နဲ့ညှိပြီး ဘတ်၎ထောင်ပဲ ယူပြီး၊ ဆိုင်ကယ်ကယ်ရီတစ်ယောက်ကို ငှားတယ်၊ ထွက်ပြေးခဲ့ပါတယ်။ အဖေ ၀န်ခံတဲ့အတိုင်း ကျနော် ရန်ကုန်ကိုပြန်ရောက်လာပါတယ်။ ထန်ကင်း ပြန်ရောက်တယ်ဆိုတော့ ကင်ဆာရောဂါ ရနေတဲ့ အဒေါ်ဖြစ်သူတော့ ထူထောင်ဖြစ်လာပါတယ်။ အဖေ့ မိတ်ဆွေ ဓမ္မဆရာတွေက လာရောက်သွန်သင် ပြောဆိုကြပါတယ်။ နဂိုကလည်း ဓမ္မပညာအခြေခံရှိတော့ အဆင်ပြေပါတယ်။ အရက်ကိုတော့ တုံးတိ ပြတ်ခဲ့ပြီး ဆေးလိပ်တော့ တဖြေးဖြေး ပြောင်းလဲပါတယ်။
.
.
အိမ်ထောင်ရှင်ဘ၀နဲ့ကျမ်းစာကျောင်းသားဘဝ
၂၀၀၄ အိမ်ထောင်ပြုပါတယ်။ ဇနီးသည်က ပညာတတ် ဘွဲ့ရ၊ သူ့ကိုကမ်းလှမ်းတဲ့ ဆရာတွေနဲ့ အကြောင်းမပါပဲ၊ ကျနော်လို့ ဆိုးသွမ်းတဲ့လူကို ရွေးချယ်အိမ်ထောင်ပြုတော့ မိတ်ဆွေ၊ ဆွေမျိုးတွေက နားမလည်နိုင်ပါဘူး။ ကျနော်လည်း ကျမ်းစာကျောင်း ၉လ Full Gospel တက်ပါတယ်။ စုံစမ်းခြင်းတွေက လာပါတယ်။ မလေးရှား ရောက်နေတဲ့ ဆွေမျိုး၊ မိတ်ဆွေတွေက တတိယနိုင်ငံကို ရောက်ဖို့ကြိုးစားနေချိန် ဖြစ်ပါတယ်။ ၉လ သင်တန်းပြီးချိန် နောက်ထပ် ဒီပလိုမာ တနှစ်ဆက်တက်ပါတယ်။ ကျောင်းပြီးချိန် မလေးရှားက ခေါ်တဲ့ မိတ်ဆွေတွေကို ဆက်သွယ်ပါတယ်။ ဆက်သွယ်လို့မရတော့ပါဘူး။ ဘယ်ရောက်ကုန်သလဲ မသိတော့ပါ။
.
.
အမှုတော်ဆောင်ဘဝ
မမျှော်လင့်ပဲ Full Gospel ကနေ အချိန်ပြည့် အမှုတော်ဆောင်အဖြစ် ကမ်းလှမ်းလာတော့ အလွန်အံ့သြရပါတယ်။ ထုံးစံအရတော့ အချိန်ပိုင်းအမှုဆောင်အဖြစ် နှစ်အတန်ကြာ ထမ်းဆောင်ပြီးမှာ အချိန်ပြည့်ခန့်ထားလေ့ရှိပါတယ်။ မိသားစု နဲ့ အိမ်ထောင်ဖက် ကို တိုင်ပင်တယ်၊ ဆုတောင်းကြပါတယ်။ ဒီလိုနဲ့ အချိန်ပြည့် Full Gospel အမှုဆောင်ဖြစ်လာပါတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး အချိန်ပြည့်အမှုဆောင်တွေ ဖြစ်လာကြပါတယ်။
.
.
ကလေးပြုစုစောင့်ရှောက်ခြင်းအမှုဆောင်ဘဝ
ပထမဆုံး ကလေးတွေကတော့ ကျွန်တော့် ဦးလေး သေဆုံးသွားတော့ ဇနီးသည်က အရွယ်ရှိသေးလို့ နောက်အိမ်ထောင်ပြုတယ်။ သားသမီး ၄ယောက်ကို ကျနော့်  ဖခင်က တာဝန်ယူလိုက်ရတယ်။ ဒီကလေး ၄ယောက်ကို ကျနော့် ဆီ ပို့လိုက်တော့ ကိုယ်မကြည့်ရှုနိုင်ပါဘူး။ တခြား ကလေးပြုစုရေး အဖွဲ့ဆီ ပို့လိုက်ရတယ်။ ၂နှစ်အကြာမှာ သူတို့အတွက်ကုန်ကျစရိတ်တွေ ကောင်းကောင်း မပေးနိုင်တော့ ကလေး၎ယောက် ကျနော်ပြန်ခေါ်လိုက်ရပါတယ်။ ကလေးပြုစုရေး အလုပ်ဆိုတာ ကလေးတွေကို မှီပြီး စားသောက်ရတယ်လို့ လူတွေပြောကြတယ်။ အရမ်းခက်ခဲတယ်၊ လုပ်နိုင်ဖို့မလွယ်ဘူး ဆိုပြီး ဆုတောင်းကြပါတယ်။
.
.
ကလေးပြုစုရေးသာသနာ Barnabas Children Ministry
၂၀၁၃ ချင်းတောင်၊ ရွာမှာ နှစ်၁၀၀ ဂျူဗလီ လုပ်ပါတယ်။ မူးယစ်ဆေးဝါးတွေ ခေတ်စားလာတယ်။ ဘိန်းစိုက်လာကြတယ်။ သူများတွေ လုပ်လို့ ၀မှ ကျနော်တို့ ချင်းတောင်မှာ ဘိန်းစိုက်လာတာတွေ့ရတယ်။ ကျနော်တို့အတွက် မင်္ဂလာလက်ဖွဲ့ ကျွဲ ၄ကောင် ရပါတယ်။ ရွာက ကလေး ၁၀ယောက်နဲ့ ကလေးပြုစုရေး Children Ministry စတင်မယ် ဆုံးဖြတ်ခဲ့ပါတယ်။ ဇနီးသည်နဲ့ စပွန်စာမရှိပဲ ကလေးပြုစုရေးလုပ်ငန်း လုပ်ဖို့ အထူး ဆုတောင်းကြပါတယ်။ အမည်ကိုလဲ ဗနဗ လို့အမည်ပေးပါတယ်။ ဗနဗ ဆိုတာ ဓမ္မသစ်ကျမ်းစာ အများစုကို ရေးသားတဲ့ တမန်တော်ရှင်ပေါလုကို ပံ့ပိုးတဲ့သူ၊ဖြစ်ပါတယ်။ Barnabas Children Ministry လို့ အမည်ပေးခဲ့ပါတယ်။
ဗိုလ်မှုးဗထူး ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ခြေစုံပစ် ၀င်လိုက်သည် ဆိုတဲ့အတိုင်း ကျနော်တို့ ဇနီးမောင်နှံလည်း ကလေးပြုစုရေးအမှုဆောင်ဘ၀ကို ခြေစုံပစ် ၀င်လိုက်ပါတော့တယ်။
ရွာကနေ ကလေး၁၀ယောက် ရန်ကုန်ခေါ်သွားဖို့ လမ်းစရိတ်မရှိတာကြောင့် ဆုတောင်းရပြန်ပါတယ်။ ကားတစ်စီးက သူ့လူတွေကို ချန်ထားပြီး ကျနော်တို့အဖွဲ့ကို ကလေးမြို့ထိ ပို့ဆောင်ပေးပြီး၊ အားလုံး ရန်ကုန်မြို့ကို ရောက်ရှိလာကြပါတယ်။ မှော်ဘီမှာ မြေတကွက် ငှားရမ်းပြီး ကလေးပြုစုရေးသာသနာ စတင်ခဲ့ပါတယ်။ ကလေးတွေကို အနီးကပ်ပြုစုနိုင်မဲ့ ဆရာမတစ်ယောက် လိုချင်လို့ ဆုတောင်းတော့ ပလက်ဝမြို့က အပျိုကြီး ဆရာမတစ်ဦး ရရှိပါတယ်။ ခက်ခဲမယ်ဖြစ်လို့ လစာပုံမှန်ရဖို့ မလွယ်ဘူး ပြောတော့ ဆရာမက ဒါမျိုးအမှုဆောင်ရတာကို သဘောတူပြီး၊ အမှုဆောင်လျှက်ရှိပါတယ်။
စပွန်စာမရှိ၊ ငွေမရှိပေမဲ့ ပါဘူး။ ဓမ္မမိတ်ဆွေတွေကတော့ ဒီအလုပ်လုပ်ရင် အကြွေးတင်ဖို့ ပြင်ထားလို့ ပြောကြပါတယ်။ ရွာမှာ ရှိတဲ့ နွား၎ကောင်၊ တစ်ကောင်ပြီးတစ်ကောင် ရောင်းချပြီး အားလုံးကုန်သွားပါတယ်။ အကြွေး ၈သိန်း တင်သွားပါတယ်။ အခု ၂၀၀၃ ကစတင်ခဲ့တာ ၃နှစ်ကြာသွားချိန် လုပ်ငန်း တော်တော်လေး လည်ပတ်နေပါပြီ။ ကလေး ၂၃ယောက် ရှိနေပါပြီ။ မိမိအသွေးအသား သားသမီး ဘုရားမပေးသေးပေမဲ့ သားသမီးများစွာကို ပြုစုစောင့်ရှောက်ခွင့် ရပါတယ်။ ကလေးပြုစုရေး သာသနာရဲ့ ဆောင်ပုဒ် ကျမ်းပိုဒ်ကတော ၁တိ၂း၎ ဖြစ်ပါတယ်။ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ ဘုရားသခင် အလိုတော်ရှိ၏ ..ဖြစ်ပါတယ်။
.
ဆုတောင်းချက်နဲ့ခွန်အားပေးခြင်း
ကျနော်တို့ သာသနာအတွက် မြေကွက်ကြီးကြီးတစ်ခု ရရှိဖို့ လိုချင်ပါတယ်။ ဒီ သာသာနာ လုပ်ဆောင်ခြင်းကို ကျနော့်  ဖခင်ကြီး ရဲ့ ၀န်ခံချက်အတိုင်း ယုံကြည်ချက် ကြီးစွာထားပြီး ၀န်ခံရပါတယ်။ ဒါကြောင့် ယုံကြည်ခြင်းနဲ့ ဘုရားသခင်ထံ ၀န်ခံခြင်း၊ ဆုတောင်းခြင်း များနဲ့ ဘုရားစကားကို နားထောင် လုပ်ဆောင်ကြဖို့ ခွန်အားပေးလိုပါတယ်။
.
ကျမ်းပိုဒ်
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ ဘုရားသခင် အလိုတော်ရှိ၏။ ၁တိမောသေ ၂း၎

Comments
Post a Comment