“ချင်းပြည်နယ် ခေါ်နူးစုမ်ကို ကိုယ့်အစီအစဉ်နဲကိုယ်"
“ချင်းပြည်နယ် ခေါ်နူးစုမ်ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် သွားကြမယ်"
(စားရိတ် ၁ သိန်းရှိရုံနဲ့  သွားနိုင်မယ့်ခရီးလမ်းကြောင်းလေး)
တောင်တန်းတွေရဲ့ အလွန်မှ တိမ်နဲ့ ချည်တဲ့ တောင်ဇလပ်ပန်းလေးတွေ ...ရှိရာချင်းတို့ ဌာနေ 🌺🌸😍🌲
ဒီနှစ်ပိုင်းမှာ ခရီးသွားပြည်သူတွေ စိတ်ဝင်စားလာတဲ့ ပြည်တွင်းက ဒေသတွေထဲမှာ ချင်းပြည်နယ်ကလဲ တခုအပါအဝင်ဖြစ်ပါတယ် ...
ကျနော်ကတော့ ချင်းပြည်နယ် တောင်ပိုင်းက ကန်ပက်လက်မြို့ လေးရယ် , အရှေ့ တောင်အာရှ ရဲ့ အမြင့်ဆုံး မြေသားဖုံးလွှမ်းတောင်ဖြစ်တဲ့ ၃ မည်ရ ခေါ်နူးစုမ်@ ဝိတိုရိယ @နတ်မတောင် (ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၅၀၀ မြင့်ပြီး အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လဲသတ်မှတ်ထားပါတယ် ) နဲ့  ကောလောင်းရေတံခွန် ဘက်တွေ ခြေဆန့် ခဲ့ပါတယ် ... 😎✌🏻
ခေါ်နူးစုမ် ဘယ်လောက်လှတယ်ဆိုတာကိုတော့ review ပေါင်းများစွာက ရေးခဲ့ကြပြီမို့  စာမဖွဲ့ တော့ပါဘူးနော် ... ခရီးစဉ်အတွက် လိုအပ်မယ့် အဓိက အချက်အလက်လေးတွေကိုပဲရေးပေးပါ့မယ်ဗျ ... 👌🏼😉
"ဘယ်လိုသွားမလဲ"
🌺 ခေါ်နူးစုမ်ကိုရောက်ဖို့ ဆို ကန်ပက်လက်မြို့ ကို အရင်ရောက်အောင်သွားရပါမယ် ... ရန်ကုန်က သွားမယ့်သူတွေ အတွက်က review တော်တော်များများလဲရေးကြလို့  လမ်းကြောင်းက သိပ်မခက်ပါဘူး 👌🏼
ရန်ကုန် - ချောက် ညကားစီးသွားရင် ချောက်ကို မနက်ရောက်ပါမယ် , ချောက် - ကန်ပက်လက် မနက်ကားတန်းစီးသွားရင် ကန်ပက်လက်ကို ညနေ ရောက်ပါမယ် !
မန်းလေးကလူတွေအတွက်တော့ အခက်ခဲ အနဲငယ်ရှိပါတယ် review တော်တော်များများကလဲ မန်းလေးကနေ သွားတာ မရေးကြတော့ ကျနော်တောင် နဲနဲတိုင်ပါတ်သွားပါတယ် , မန်းလး - ချောက် ကားကလဲ ညနေထွက် ညရောက်တဲ့ ကားနဲ့  မနက်ထွက် နေ့ လည် ရောက်တဲ့ကားပဲရှိလို့  ချောက်ကနေသွားမယ်ဆို ချောက်မှာ တရက် သောင်တင်မလို ဖြစ်နေတာပါ , ပုဂံကနေ တဆင့်သွားလဲ ထိုနည်းတူပါပဲ !
နောက်ပိုင်း စုံစမ်းရင်းနဲ့ မှ မန်းလေး- ကန်ပက်လက် တိုက်ရိုက် အန်စာတုံးကား " ရွှေယောမန်း" ပြေးဆွဲတာ သိခဲ့ရလို့  အဆင်ပြေသွားပါတယ် ! သူက ပုံမှန်ဆို မန်းလေးကနေ မနက် ၉:၃၀ ထွက် ညနေ ၆ နာရီ ရောက်တာပါ , ကျနော်တို့ တော့ လမ်းမှာနားတာ ကြာလို့  ည ၇ နာရီ လောက်မှ ရောက်ပါတယ် ! အပြန်လဲ အဲ့အချိန်ပါပဲ !
တခုလေး အကြံပေးချင်တာက ကားလက်မှတ်ဝယ်ရင် Driver ဘေးက A-B ၂ ခုံကို မဝယ်ပါနဲ့  တခုံ ၁ ထောင် ပိုပေးရပြီး နေရာက ကျပ်ပါတယ် , အကောင်းဆုံးက Driver နောက် ကပ်ရပ်ခုံ No 1-2 ပါ တခုံ ၁၅၀၀၀ ပဲပေးရပါတယ် , ကန်ပက်လက်ကနေ ဟိုတယ် ဇုန်ကတော့ ၃ မိုင်ဝေးပါတယ် အဲ့အတွက် ဟိုတယ်ဇုန်သွားမယ်ဆိုရင်တော့ တယောက် ၃၀၀၀ ထပ်ပေးရပါတယ်ဗျ , ကားကတနေ့  တစီး တစီး ၁၂ ယောက်ပဲ တင်လို့  ဖုန်းတော့ ကြိုဆက်ပြီး booking လုပ်ထားဖို့ လိုပါမယ် ,
ရွှေယောမန်း ဂိတ် ဖုန်းနံပါတ်က -
မန်းလေးဂိတ် - 0273864 , 09 91002914
ကန်ပက်လက်ဂိတ် - 0947214148
"ဘယ်မှာတည်းမလဲ"
🌺 စရိတ်ချုံ့ ချင်တယ် ဈေးသက်သာချင်တယ်ဆိုရင်တော့ ကန်ပက်လက်မြို့ ထဲက Guest House တွေမှာ တည်းလို့ ရပါတယ် တညကို ၅၀၀၀ ကနေ ၂၀၀၀၀ အတွင်းပဲရှိတာပါ
ကိုယ်သိတဲ့ Guest House 🏡 ဖုန်းနံပါတ်တွေက
ရွှေတောင်တန်း - 0947171351
ယော်ဒန် Guest House - 0947171093
King Wood Guest House - 09449490750
(ကိုယ်တိုင်မတည်းခဲ့လို့  အခန်းအခြေနေတော့ မသိပါ)
ကျနော်ကတော့ သက်တောင့်သက်သာ နားအေးပါးအေး အနားယူချင်လို့  ဟိုတယ်ဇုန်က Pine Wood Villa မှာ တည်းခဲ့တာပါ , ဟိုတယ်ဇုန်မှာတော့ ဟိုတယ် ၅ ခုရှိပါတယ် ... ဟိုတယ်ဈေးနှုံးတွေကတော့ ၄၀၀၀၀ ဝန်းကျင်ကနေ သိန်းဂဏန်းထိ ရှိပါတယ် 👌🏼
ကျနော်တည်းခဲ့တဲ့ Pine Wood Villa လေး ကတော့... နာမည်နဲ့ လိုက်အောင်ထင်းရှုးတောထဲမှာဆောက်ထားတာ , Villa ရဲ့ သက်တမ်းက ၁၅ နှစ်ရှိပါပြီတဲ့ , အခန်း ၂၅ ခန်းရှိပါတယ် , ဘန်ဂလိုက ၁၇ လုံး ရိုးရိုးအခန်းက ၈ ခန်းပါ , ဘန်ဂလိုက တည ၆၀၀၀၀ , ရိုးရိုးခန်းက တည ၄၀၀၀၀ ပါ , Breakfast ကျွေးတယ် , ရေပူရေအေးရတယ် , ဝန်ထမ်းတွေကလဲဖော်ရွေပါတယ် , လျှပ်စစ်မီးကတော့ မရှိလို့  ဟိုတယ်တွေမှာ မနက်တခါ ညကို ၆ နာရီကနေ ၁၀ နာရီထိရယ် မီးစက်နဲ့ ပေးပါတယ် , ဖုန်းလိုင်းကတော့ Ooredoo ကပိုအဆင်ပြေသလိုပဲ တခါတခါ 3G ထိ မိပါတယ် , ဒီ ကန်ပက်လက် Hotel Zone မှာက Hotel 5 ခုပဲရှိတာမို့  ခရီးသွား Peak season မှာဆိုရင်တော့ ကြိုတင် Booking လုပ်ဖို့ လိုပါမယ်ဗျ ! ကျနော်တောင် ၂ ပါတ်ကျော်လောက်ထဲက booking လုပ်ထားရတာပါ ! ကိုယ်သိတဲ့ ဟိုတယ် ဖုန်းနံပါတ်တွေက
Pine Wood - 09896565584, 0973082783
Sky Palace - 0949203152
Floral Breeze - 01570044 , 09422446128
Mountain Oasis - 09250147208
Win Unity Hotel - 09256054642
"ဘာနဲ့ လည်ကြမလဲ"
🚘 ကိုယ်ပိုင်ကားနဲ့ သွားတဲ့သူတွေကတော့ ကန်ပက်လက်မြို့ ထဲနဲ့  နတ်မတောင်တောင်ခြေစခန်း Base camp ထိတော့ ကိုယ့်ကားနဲ့ ကိုယ်သွားလို့ ရတာပေါ့လေ ! ဒါမယ့်ကားနဲ့ သွားလို့ မရတဲ့နေရာတွေကတော့ 🛵 ဆိုင်ကယ်စီးကိုစီးရမှာပါ, လိုင်းကားနဲ့ လာတဲ့ ကျနော်တို့ လိုလူတွေကတော့ ဆိုင်ကယ်ငှားစီးတာ ပိုအဆင်ပြေပါတယ် ကားငှားရင် တရက် ၁ သိန်းပါ , ဆိုင်ကယ်ကတော့ ဟိုတယ်ကနေ ခေါ်နူးစုမ် တောင်ထိပ်စခန်းထိ အသွားအပြန်ကို တယောက် ၂၅၀၀၀ ပါ , ( ကားပါလာသူတွေကတော့ တောင်ခြေစခန်းကနေ တောင်ထိပ်စခန်းထိ ဆိုင်ကယ်စီးရပါမယ် တယောက် ၅၀၀၀ ပါ အသွားအပြန်ဆို ၁၀၀၀၀ ပေါ့) View ကောင်းတဲ့နေရာလေးတွေမှာဆိုင်ကယ်ရပ်ပေးပါတယ် , ဟိုတယ်ကနေ တောင်ထိပ်စခန်းထိ ဆိုင်ကယ်နဲ့  ၄၅ မိနစ်ကနေ ၁ နာရီ ဝန်းကျင်လောက် စီးရပါတယ် !
🛵 အမြင့်ပေ ၉၀၀၀ လောက်ကနေ စပြီး ဆိုင်ကယ်က တိမ်တွေပေါ်ကနေဖြတ်စီးရေတဲ့ Feeling ကိုရပါတယ် 🌨🌨, ကိုယ့်ဘေး ချောက်ကမ်းပါးထဲမှာ တိမ်တွေအပြည့် တောင်စောင်းမှာက ထင်းရှုးတွေ 🌲🌲
ရယ် ရေညှိတွေတောင်တက်နေတဲ့ နှစ်ရှည် အပင်ကြီးတွေရယ် 🌵🎋 စွန်းသာယာတယ်ပေါ့ဗျာ ...
Hiking စိတ်ဝင်စားလို့  လမ်းလျှောက်တက်မယ် ဆိုရင်တော့ ဟိုးတောင်အောက်ကနေ စတက်ရင် ၃ နာရီလောက် ကြာပါမယ် , တောင်ခြေ ၁၀ မိုင်စခန်းကနေ ဆိုရင်တော့ ၄၅ မိနစ်လောက်ကြာပါမယ် , ဆိုင်ကယ် လမ်းကနေ လျှောက်တာထက် လူသွားလမ်းလေးတွေကနေ လျှောက်တာ View ပိုလှပါတယ် ! (ဒါက ခေါ်နူးစုမ်အတွက်ပါ )
အချိန်ရလို့ ကောလောင်းရေတံခွန်ဘက်သွားမယ်ဆိုလဲ ဆိုင်ကယ်ခ အသွားအပြန် ၁၀၀၀၀ ပါ !
ကန်ပက်လက်မြို့ ထဲနဲ့  ဆော်လောင်းချင်းရွာတွေဘက် သွားလည်ရင်လဲ တယောက် ၅၀၀၀ ပါပဲ ( ကန်ပက်လက်မြို့ ထဲမှာ တည်းရင်တော့ အဲ့အတွက်ဆိုင်ကယ်ခ သိပ်မကုန်တော့ဘူးပေါ့)
"ဘယ်တွေသွားမလဲ"
🌸 ဘယ်တွေသွားမလဲဆိုတာထက် ကိုယ်ဘယ်တွေသွားခဲ့လဲဆိုတော့ ...
-ချင်းပြည်ရဲ့ နတ်သမီး ခေါ်နူးစုမ်
(နတ်မတောင်တက်မယ်ဆို Sunrise အမှီ မနက်စောစောလေး တက်ဖို့ အကြံပေးချင်ပါတယ် , ဒါမှ တိမ်ပင်လယ်ကြီးကိုရော နေထွက်ရှုခင်းရော မြင်နိုင်မှာပါ ,
တောင်ဇလပ်ပန်းတွေ မခူးဖို့ နဲ့  အမှိုက်တွေကို သတ်မှတ်နေရာလေးတွေမှာ စနစ်တကျ စွန့် ပစ်ပေးဖို့ လဲ မေတ္တာရပ်ခံပါတယ်ဗျ 🙏🏻🙏🏻🙏🏻)
-ကန်ပက်လက်မြို့  site seem
-လက်ဆောင်ဝယ်ဖို့ ချင်းရိုးရာအထည်ဆိုင်တွေ
-နှာခေါင်းနဲ့ ပုလွေမှုတ်ပြတဲ့ ဒိုင်းချင်းအဖွားအိမ်
-ကောလောင်းရေတံခွန်
-ဆောလောင်းချင်းရွာ
(ဆောလောင်းရွာမှာ Mother Earth Mountain Experience, Sor Long Community Lodge ဆိုတာရှိပါတယ် သူကတော့ ဝါးအိမ်လေးတွေကို တောင်စောင်းမှာ ဆောက်ထားတဲ့ Lodge တခုပေါ့ တညကို ၁၂၀၀၀၀ ပါတဲ့ ရတဲ့ အကျိုးအမြတ်ရဲ့  80% ကိုတော့ ရွာကိုပြန်လှုတယ်လို့  သိရပါတယ် )
“စားစရာ"
🍲 ချင်းပြည်က ဖွံ့ ဖြိုးတိုးတက်မှုနောက်ကျသလို စားစရာလဲ ရှားပါတယ် ရှားချက်က ဟိုတယ်မှာတောင် ကိုယ်စားမယ့်ဟာ တရက် ကြိုပြောရပါတယ် , တရက်က မပြောမိတာ ဟိုတယ်မှာညစာထမင်းမရှိပါဘူး (ဘယ်ရမလဲ ပါလာတဲ့ ခေါက်ဆွဲခြောက်ပြုတ်စားလိုက်တယ်) ဒါကိုမသွားခင်ထဲက ကြိုတွက်ဆထားစေချင်ပါတယ် , ကိုယ်က အစားအသောက် ဇီဇာကြောင်သူဆိုရင်တော့ ဒီကထဲက အသားခြောက် အကြော်အလှော်နဲ့  ခေါက်ဆွဲခြောက် စတာတွေ တခါထဲ ထည့်သွားစေချင်ပါတယ် , ကျနော်ကတော့ ဒေါင်ကျကျ ပြားကျကျ စားနိုင်သူမို့  သယ်သွားတဲ့ မုန့် တွေတောင်ပိုပါတယ် 😆 , ဟိုမှာ ရိုးရာစားစရာက နွားနောက်သား , ဝက်သားပြာဟင်း , ချင်းရိုးရာကြက်သားသုပ် , ချင်းရိုးရာခေါင်ရည် နဲ့  ဆာဗူသီး တို့ ကို မြည်းစမ်းကြည့်စေချင်ပါတယ် , စားစရာဆိုင်ကတော့ ကန်ပက်လက်က "ကန်ပုလဲ" ဆိုတဲ့ ဆိုင်လေး စားလို့ ကောင်းပါတယ် , အဲ့မှာ ဓါတ်ပုံရိုက်ဖို့  ချင်းရိုးရာဝတ်စုံလဲ free ငှားပေးပါတယ် , စားချင်တာကို ဖုန်းဆက်ကြိုမှာထားလဲ ရပါတယ်
ဖုန်းနံပါတ်က - 098304643, 09458912633
"ကုန်ကျစားရိတ် အကြမ်းမျဉ်း"
💵 ၂ ညအိပ် ၃ ရက် ကို ၂ ယောက်သွားမယ်ဆိုပါစို့  တယောက်စာကို ...
မန်းလေး - ကန်ပက်လက် ကားခ အသွားပြန်- ၃၀၀၀၀
Guest House ဆို - ၂၀၀၀၀
Hotel ဆို - ၆၀၀၀၀
ဆိုင်ကယ် taxi ခ - ၃၅၀၀၀
စားစရိတ် - ၂၀၀၀၀
Total ( Guest House တည်းရင် ) - ၉၅၀၀၀ ဝန်းကျင်
Total ( Hotel တည်းရင်) - ၁၄၅၀၀၀ ဝန်းကျင်
(ကျနော်ကတော့ ချင်းပြည်ကို အရမ်းသဘောကျလွန်းလို့  ၃ ညအိပ် ၄ ရက်နေခဲ့တာပါ , ပုံမှန်ဆို ရုံးသမားတွေအတွက် weekend ၂ ည အိပ် ၃ ရက်ဆို လည်ဖို့ အချိန်လောက်ပါတယ် )
📖 အနှစ်ချုပ်ပြောရရင်တော့ သင်ဟာ တကယ် သဘာဝ တရားကိုချစ်မြတ်နိုးသူ Adventure ကိုစိတ်ဝင်စားသူဆိုမှသာ ချင်းပြည်နယ်ကို သွားပါ , ချင်းပြည်နယ်က လူအရောက်အပေါက်နဲသေးလို့  သဘာဝအလှတရားတွေ ယဉ်ကျေးမှုအမွေအနှစ်တွေအများကြီး ကျန်နေသေးတဲ့ဒေသပါ , ပါးရဲထိုးထားတဲ့ ချင်းအဖွားတွေကိုတွေ့ နိုင်သလို ဘာဝယ်ဝယ် ဈေးဆစ်စရာမလိုတဲ့ ဆိုင်တွေလဲ ရှိနေတဲ့ ဒေသပါ , ထင်းရှုးတောတွေ တိမ်တွေကြားမှာ အပန်းဖြေရင်း တောင်ဇလပ်တွေ သစ်ခွတွေကြားမှာ စိတ်ကူးယဉ်ရင်း လက်တွေ့ မွန်းကျပ်တဲ့ လူနေမှုဘဝကနေ ခေတ္တခဏ ထွက်ပြေးနိုင်တဲ့ သီးခြားကမ္ဘာငယ်လေး တခုပါပဲ , Dec , Jan လမျိုးဆိုနေ့ ခင်းတောင် 10’C အောက်မို့  အရမ်းအေးလို့  အနွေးထည်များများထည့်သွားဖို့ တော့လိုပါတယ် , February လကတော့ သွားလို့ အကောင်းဆုံးလလို့ ပြောကြပါတယ် ✌🏻🌺
ကျနော့်အတွက်ကတော့ ရှိခဲ့တဲ့စိတ်ကြည်နူးမှုနဲ့ အတွေ့ အကြုံက ပင်ပန်းတာတွေ ခိုက်ခိုက်တုန်အောင်ချမ်းတာတွေ အစာရေစာရှားပါးတာတွေ နဲ့  ရဲရဲကြီးလဲနိုင်တဲ့ နောက်တခါလဲ ထပ်သွားချင်နေသေးတဲ့ ဒေသတခုပါပဲ ...
သင်ဟာ သဘာဝတရားကို ချစ်မြတ်နိုးသူစစ်စစ်ဆိုမှသာ ချင်းပြည်နယ်ကို သွားပါလို့  ... 🌸😍🌺🌲
Siraveller Si Thu

Comments
Post a Comment