နေ့စဉ်ခွန်အား
#ODB_08SEP_2021@MM#
ဗုဒ္ဓဟူးနေ့|၂၀၂၁ခုနှစ်|စက်တင်ဘာလ (၈) ရက်
🧍♂️ #အကျွန်ုပ်ကို_စေလွှတ်ပါ🧍♂️
ဖတ်ရန် □ ဟေရှာယအနာဂတ္တိကျမ်း ၆:၁-၈ | သမ္မာကျမ်းစာတစ်နှစ်စာ □ သု ၃-၅ □ ၂ ကော ၁
တစ်ဖန် ထာဝရဘုရားက၊ငါသည် အဘယ်သူကိုစေလွှတ်ရမည်နည်း ... ဟု မေးတော်မူသံကို ငါကြားလျှင် ငါက အကျွန်ုပ်ရှိပါ၏။အကျွန်ုပ်ကိုစေလွှတ်တော်မူပါဟု လျှောက်လေ၏။ [ ဟေရှာ ၆:၈ ]
၁၈၉၀ နှစ်များ နောက်ပိုင်းတွင် ဆွီဒင်သာသနာပြုဆရာ Eric Lund (အဲရစ်လန်ဒ်)က သူ့အား စပိန်နိုင်ငံ၌ သာသနာပြုရန်အတွက် ခေါ်ယူစေစားကြောင်း ခံစားရသောအခါ သူချက်ချင်းပင် နာခံခဲ့သည်။ထိုနေရာတွင် အောင်မြင်မှု အနည်းငယ်သာ မြင်ရသော်လည်း ဘုရားရှင်၏စေစားချက်အပေါ်ခိုင်မာသေချာမှုဖြင့် သည်းခံ ကြိုးစားခဲ့သည်။တစ်နေ့တွင် ဖိလစ်ပိုင်လူမျိုး Braulio Manikan (ဘရူလီယို မန်နီကန်)နှင့် တွေ့ဆုံခဲ့ပြီး သူ့အား ဧဝံဂေလိတရားကို ဝေငှခဲ့သည်။သူတို့နှစ်ဦးသည် ဒေသခံဖိလစ်ပိုင်ဘာသာစကားသို့ သမ္မာကျမ်းစာကို ဘာသာပြန်ဆိုခဲ့ကြပြီး နောက်ပိုင်းတွင် ဖိလစ်ပိုင်၌ ပထမဦးဆုံး နှစ်ခြင်းသာသနာဌာနကို စတင် ခဲ့ကြသည်။Lund သည် ပရောဖက်ဟေရှာယကဲ့သို့ ဘုရားသခင်၏ခေါ်ယူစေစားမှုကို နာခံ တုံ့ပြန်ခဲ့သောကြောင့် လူများစွာတို့ သခင်ယေရှုထံသို့ ပြောင်းလဲလာခဲ့သည်။
ဟေရှာယအနာဂတ္တိကျမ်း ၆:၈ တွင် ဘုရားသခင်သည် သူ၏ မျက်မှောက်စီရင်ခြင်းနှင့် အနာဂတ်အတွက် မျှော်လင့်ခြင်းကို ပြောကြားရန်အတွက် ဣသရေလပြည်သို့ သွားရန် ဆန္ဒရှိသူတစ်ဦးကို တောင်းဆိုခဲ့သည်။ဟေရှာယက “အကျွန်ုပ်ရှိပါ၏။အကျွန်ုပ်ကို စေလွှတ်တော်မူပါ” ဟုရဲ့ဝံ့စွာ ဆန္ဒပြုသည်။ “ငါသည် ညစ်ညူးသော နှုတ်ခမ်းရှိသည်” ဟုရှေ့၌ ဝန်ခံထားသောကြောင့် အရည်အချင်းပြည့်မီသည်ဟု သူ့ကိုယ်သူမထင်ပါ (:၅)။သို့သော် သူသည်ဘုရားသခင်၏ သန့်ရှင်းခြင်းကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ပြီး၊သူကိုယ်တိုင်၏ အပြစ်များခြင်းကို သိမှတ်ကာ ဘုရားရှင်၏ သန့်ရှင်းပေးခြင်းကို ခံယူခဲ့ရသောကြောင့် သူလိုလိုလားလားတုံ့ပြန်ခဲ့သည် (:၁-၇)။
ဘုရားသခင်သည် သူ့အတွက်တစ်ခုခုလုပ်ဆောင်ရန် သင့်အား ခေါ်နေပါသလား။သင်က မလုပ်လိုဘဲ ချုပ်တည်းထားပါသလား။ထိုသို့ဖြစ်နေလျှင် ယေရှုခရစ်၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဘုရားသခင်ပြုပေးသော အရာအားလုံးကို သတိရပါ။ဘုရားသခင်သည် ကျွန်ုပ်တို့ကို လမ်းပြရန်နှင့် ကူညီ မစရန် သန့်ရှင်းသောဝိညာဥ်တော်ကို ပေးခဲ့ပြီး (ယော ၁၄:၂၆၊ ၁၅:၂၆-၂၇)၊သူ့ ခေါ်သံကို တုံ့ပြန်ထူးနိုင်အောင် ကျွန်ုပ်တို့ကိုပြင်ဆင်လိမ့်မည်။ဟေရှာယကဲ့သို့ပင် “အကျွန်ုပ်ကို စေလွှတ်တော်မူပါ”ဟု တုံ့ပြန်ကြပါစို့။
ဘုရားသခင်သည် သူ့အတွက်တစ်ခုခုလုပ်ဆောင်ရန် သင့်အား ခေါ်နေပါသလား။တုံ့ပြန်ရန်ဘယ်အရာက သင့်ကို တားဆီးနေပါသနည်း။
သခင်ယေရှု၊ကိုယ်တော်၏ခေါ်တော်မူခြင်းနှင့် ကိုယ်တော့်ကိုအစေခံရန် မစသောကြောင့် ကျေးဇူးတင်ပါ၏။၎င်းကို အခွင့်အရေးအဖြစ် မြင်နိုင်ရန်နှင့် ကိုယ်တော်ကို ဝမ်းမြောက်လိုလားစွာ အစေခံရန် မစတော်မူပါ။
.
***********
.
ဟေရှာယအနာဂတ္တိကျမ်း ၆:၁-၁၃ တွင် ရှည်ကြာ၍ ပင်ပန်းခက်ခဲသည့် ပရောဖက်ပြုဟောပြောခြင်းအမှုတော် (ဘီစီ ၇၄၀-၆၈၅)အတွက် ဟေရှာယ ခေါ်ယူစေစားခံရခြင်းအကြောင်းကို ဖော်ပြထားပါသည်။ဟေရှာယ အမည်သည် "ယေဟောဝါ ကယ်တင်တော်မူသည်" ဟူ၍ အဓိပ္ပာယ်ရှိသည်။သူသည် တောင်ပိုင်းယုဒနိုင်ငံတွင် အဆိုးဆုံးသော ယုဒဘုရင် အာဟပ်မင်း၊ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် သံန္နိဌာန်ချထားသည့် ဟေဇကိမင်းများအပါအဝင် ဘုရားဝတ်၌မွေ့လျော်သော မင်းနှစ်ပါးဖြစ်သည့် သြဇိမင်းမှစ၍ ယောသံမင်းလက်ထက်တိုင် နှစ်ပေါင်း ၅၅ နှစ်တိုင် (၁:၁) ပရောဖက်ပြု ဟောပြောခဲ့သည်။သူသည် ပရောဖက် ဟောရှေ၊အာမုတ်၊မိက္ခာတို့နှင့် ခေတ်ပြိုင်ပေါ်ထွန်းခဲ့သူဖြစ်သည်။ထိုအချိန်က ရှုရိရှင်ဘုရင် ဘုန်းမီးတောက်ချိန်ဖြစ်၍ ဣသရေလနှင့် ယုဒပြည်ကိုကျူးကျော်ခြိမ်းခြောက်ခဲ့သည်။ သမိုင်းအရ ဟေရှာယသည် သြဇိမင်းနှင့် ဆွေမျိုးတော်စပ်ပြီး နန်းတော်သို့ ဝင်ထွက်ခွင့်ရှိသူဖြစ်ပြီး (၇:၃၊၃၈:၁၊၃၉:၃)၊မနာရှေမင်းက သူ့ကို လွှနှင့်ပိုင်းဖြတ်ကာ အဆုံးစီရင်ခဲ့သည် (ဟေဗြဲသြဝါဒစာ ၁၁:၃၇ ၏ ဖြစ်နိုင်ခြေရှိသည့် ရည်ညွှန်းချက်)။ဟေရှာယသည် ဤအနာဂတ္တိကျမ်းအပြင် သြဇိမင်းနှင့်ဟေဇကိမင်းတို့၏ အတ္ထုပ္ပတ္တိများကိုလည်း ရေးသားခဲ့သည် (ရာဇဝင်ချုပ်ဒုတိယစောင် ၂၆:၂၂၊ ၃၂:၃၂)။သို့သော် ထိုအတ္ထုပ္ပတ္တိနှစ်စောင်လုံး ပျောက်ဆုံးသွားခဲ့သည်။ Sim Kay Tee

Comments
Post a Comment